spot_img
Homeသတင်းဖရူဆိုအနောက်ခြမ်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာ

ဖရူဆိုအနောက်ခြမ်းမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ အောက်တိုဘာလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ အနည်းငယ်မြင့်တက်လာတယ်လို့ ကုန်စိမ်းရောင်းချသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ကြက်သွန်နီတပိဿာဈေးဟာ အရည်အသွေးပေါ်မူတည်ပြီး စက်တင်ဘာလမှာ ကျပ် ၁၂,၀၀၀ ဝန်းကျင်ရှိရာက အောက်တိုဘာလမှာ ကျပ် ၁၅,၀၀၀ အထိ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စားဆီ ၉၀ သားတဗူးကို ကျပ် ၂၀,၀၀၀ ကနေ ၂၃,၀၀၀၊ ငရုတ်သီးတပိဿာကို ကျပ် ၁၄,၀၀၀ ကနေ ၁၆,၀၀၀၊ ငါးပိတပိဿာကို ကျပ် ၈,၀၀၀ ကနေ ၁၂,၀၀၀၊ ပဲခြမ်းတပိဿာကို ကျပ် ၁၅,၀၀၀ ကနေ ၁၈,၀၀၀ နဲ့ ပုဇုန်ခြောက်တပိဿာကို ကျပ် ၁၂,၀၀၀ ကနေ ၁၅,၀၀၀ အထိ အသီးသီး မြင့်တက်လာတယ်လို့ သိရပါတယ်။ တခြားကုန်စိမ်းဈေးနှုန်းတွေလည်း ကျပ် ၁,၅၀၀ ဝန်းကျင်စီ မြင့်တက်လာတယ်လို့ ကုန်ရောင်းသူတွေက ပြောပါတယ်။

“ကြက်သွန်နီက တစ်ပိဿာ ၁၂,၀၀၀ ရှိပြီ။ တစ်အိတ် တစ်သိန်းနှစ်သောင်းတဲ့။ ပြီးခဲ့တဲ့ပတ်က တစ်သိန်းရှိသေးတယ်။ အဲဒါက အလုံးသေးသေးလေးတွေ။ တစ်သိန်းနှစ်သောင်းဆိုတာက နည်းနည်းရှယ် (အလုံးလှ)” လို့ ကုန်စိမ်းရောင်းချသူ အမျိုးသမီးတဦးက ပြောပါတယ်။

ကုန်ဈေးနှုန်းတွေဟာ မိုးရာသီ ဇွန်လကတည်းက တဖြည်းဖြည်း မြင့်တက်လာတာလို့လည်း သူက ပြောပါတယ်။ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာကြောင့် ဝင်ငွေနည်းပါးတဲ့ စစ်ဘေးရှောင်မိသားစုတွေအတွက် ဟင်းချက်စားဖို့တောင် အခက်အခဲရှိလာတယ်လို့ အသက် ၄၁ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“ကြက်သွန်နီက ၃,၀၀၀ ဖိုးဝယ်ရင် တစ်ပတ်စာတောင် မရှိဘူး။ ဆီကလည်း ၄၀ သားဗူးဆိုရင် မိသားစုများရင် မလောက်ဘူး။ ဒါတောင် အကြော်အလှော် သိပ်မလုပ်ဖြစ်ဘူး။ ဟင်းရည်နဲ့ပဲ ထည့်ချက်ဖြစ်တယ်” လို့ သူမက ပြောပါတယ်။

ကုန်ဈေးနှုန်းမြင့်တက်လာတာဟာ ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းမှာ ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေကို ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကနေ အဓိက ဝယ်ယူတင်သွင်းတာဖြစ်တယ်လို့ ကုန်ရောင်းသူတွေထံကနေ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ