spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ တိုက်ခိုက်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းတစီးနဲ့ အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အသေခံဒရုန်းဟာ လွိုင်ကော်မြို့နယ်ဘက်ကနေ ပျံသန်းလာပြီး မိနစ် ၃၀ အကြာ ပျံဝဲပြီးနောက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

“၁၁ နာရီ ၁၀ မိနစ်လောက်မှာ သူကျ (တိုက်ခိုက်) သွားတယ်။ ၁၀ နာရီခွဲလောက်မှာ စတင်ပြီး ပျံသန်းလာတယ်။ နာရီဝက်လောက် သူဝဲနေသေးတယ်” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေ ထိခိုက်တာနဲ့ နေအိမ်တွေ ပျက်စီးတာ မရှိဘူးလို့ သိရပါတယ်။ အဆိုပါကျေးရွာအနီးတဝိုက်မှာ အသေခံဒရုန်းနဲ့ လာရောက်တိုက်ခိုက်တာဟာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

သီးနှံရိတ်သိမ်းချိန်ကာလမှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ မကြာခဏ တိုက်ခိုက်နေတာကြောင့်
လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

“အခုက လယ်ယာသိမ်းတဲ့အချိန်၊ သီးနှံထွက်တဲ့အချိန်ဆိုတော့ လူတွေက ပိုပြီးတော့ အလုပ်လုပ်နေရတဲ့အချိန်ဆိုတော့ ဒရုန်းတွေက နောက်ပိုင်း တောက်လျှောက် ဆက်ချ (ဗုံးကြဲ) နေမယ်ဆိုရင်တော့ အခက်တွေ့နိုင်တဲ့ အခြေအနေရှိတယ်” လို့ အဆိုပါဒေသခံအမျိုးသားက ဆက်ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ မကြာခဏ တိုက်ခိုက်နေတာကြောင့် စာသင်ကျောင်းတွေ ယာယီပိတ်ထားရသလို ကျေးရွာအတွင်း လူစုလူဝေးမပြုလုပ်ကြဖို့လည်း ကျေးရွာတာဝန်ရှိသူတွေက အသိပေးထားတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ