spot_img
21.3 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeအတွေးအမြင်CommentaryE-Government နှင့်အစိုးရစနစ် Reform

E-Government နှင့်အစိုးရစနစ် Reform

-

ကျော်စိုးသူ (Economic Development) ရေးသားသည်။

E-Government ပတ်သက်၍ အရင်အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့ကြတာကို တွေ့ရပေသည်။ သို့ရာတွင် လိုအပ်သော အခြေခံအဆောက်အဦး ပြဿနာများကြောင့် ထင်သလောက်ခရီးမပေါက်ခဲ့ကြပေ။

ပြီးခဲ့တဲ့(၅)နှစ်အစိုးရဘတ်ဂျက်များတွင်လည်း E-Government အသုံးစရိတ်များ အလွန်များပြားသော်လည်း လက်တွေ့တွင် အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့ကြခြင်းမရှိတာကို တွေ့ရပေသည်။

အစိုးရသစ်အနေဖြင့်လည်း E-Government စနစ်အောင်မြင်ရေးအတွက် အားထည့်ဆောင်ရွက်နေကို တွေ့ရပေသည်။ နေပြည်တော်တွင် E-Government နှင့် ပတ်သက်သော ဖိုရမ်တစ်ခုကို ကျင်းပခဲ့ပြီး ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ကျော်လွှာဖြေရှင်းနိုင်ဖို့ ကြိုးစားအားထုတ်နေတာကို တွေ့ရပေသည်။

ခေတ်အဆက်အဆက်ကျင့်သုံးခဲ့သော ကြိုးနီစနစ်ကြောင့်လည်း အပြောင်းအလဲမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ စာရွက်စာတမ်းများအပေါ်သာ နှစ်ကာလကြာရှည်အသုံးပြုခဲ့ သည့်စနစ်မှ E-Government စနစ်သို့ ပြောင်းရန်မှာ အလွန်တရား ခက်ခဲပေလိမ့်မည်။

ဤနေရာတွင် အဓိကတာဝန်ရှိသည်မှာ အင်စတီကျူးရှင်း အသီးသီး၏ခေါင်းဆောင်များ၏ အပြောင်းအလဲအပေါ် ဟန်ချက်ညီညီလိုက်ပါပြောင်းလဲနိုင်စွမ်းပင်ဖြစ်ပေသည်။ ပြောင်းမည့်စနစ်၏ အကျိုးကျေးဇူး၊ စနစ်ဟောင်း၏ အားနည်းချက်များကို လက်တွေ့ကျကျသိမြင်နားလည်ကာ ကိုယ်တိုင်ဦးဆောင် ရပေလိမ့်မည်။

လက်ရှိအစိုးရစနစ်ခေါင်းဆောင်ပိုင်း၏ အများစုမှာ Computer ၊ Internet ၊ E-mail စသည်တို့နှင့် အလှမ်းကွာဝေးလျက်ရှိပြီး ၎င်းအရာများကို လက်အောက်ငယ်သားများသာ လုပ်ရမည့်အလုပ်ဟု မှတ်ယူထားကြပေသည်။ ထိုအချက်ကပင် အစိုးရ၏ E-government စနစ်ကြီးအောင်မြင်ဖို့အတွက် အဓိက ပြဿနာပင်ဖြစ်ပေသည်။

ဌာနအချင်းချင်း စာပေးစာယူကိစ္စများတွင် မိနစ်အနည်းငယ်မျှဖြင့် ပြီးစီးနိုင်သည့် E-mail ပေးပို့ခြင်ကို လုံခြုံမှုမရှိ၊ တရားမဝင်ဟုမှတ်ယူကာ တစ်နေကုန် Fax ထိုင်ထိုးစေခြင်း၊ ရက်အနည်းငယ်ကြာမည့် ချောစာပို့ခြင်းများကိုသာ ဦးစားပေးဆောင်ရွက်နေကြပေသည်။ ထိုအချက်များသည် အခြေခံပြုပြင်ပြောင်းလဲရမည့် အမူအကျင့်များသာ ဖြစ်ပေသည်။ နည်းပညာ၏ အကျိုးကျေးဇူးကို လက်တွေ့ အသုံးမချနိုင်ဖြင်းပင်ဖြစ်ပေသည်။

အချို့အရာရှိများဆိုလျှင် မိမိတို့၏ E-mail နှင့် ရုံး Account များကို လက်အောက်ခံဝန်ထမ်းများသို့ ပေးအပ်ထားကာ ကိစ္စအဝဝကို တာဝန်ယူဆောင်ရွက်စေသည့် ပုံစံမျိုးကို တွေ့ရပေမည်။ လက်အောက်ဝန်ထမ်းကပင် တာဝန်ယူဆောင်ရွက်နေကြသောကြောင့် နည်းပညာဖြင့် အလှမ်းဝေးကာ ထိုနည်းပညာဖြင့်သွားမည့် Plan & Budget နှင့် အကောင်အထည်ဖော်ခြင်းအပိုင်းများတွင် များစွာ အားနည်းသွားကြပေသည်။

အစိုးရစနစ်တွင် တွေ့ရသည့် အချက်တစ်ခုမှာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် ဦးဆောင်စည်းပေးများတွင် ထိပ်ပိုင်းခေါင်းဆောင်များကိုသာ တက်ရောက်စေသောကြောင့် ၎င်းခေါင်းဆောင်များ၏ အမြော်အမြင်ရှိမှု၊ နည်းပညာကို အသုံးချနိုင်မှု၊ စီမံကိန်းရေးဆွဲနိုင်မှု၊ ဘတ်ဂျတ်နှင့် ချိတ်ဆက်နိုင်မှုနှင့် လက်တွေ့အကောင်အထည်ဖော်နိုင်မှု စသည့်အချက်များကသာ ပြုပြင်ပြောင်းလဲတည်ဆောက်ကြမည့် စနစ်သစ်များကို အောင်မြင်စေပါလိမ့်မည်။

ဤနေရာတွင် တစ်ခုအရေးကြီးသည်မှာ အစိုးရစနစ်၏ Plan နှင့် Budget သဘောသဘာဝများ သည်အခြားနိုင်ငံများနှင့် မတူညီသော အချက်များပင်ဖြစ်ပေသည်။ နိုင်ငံအများစု၏ ဘတ်ဂျက်စနစ်တွင် မည်သည့်လုပ်ငန်းများကို သုံးမည်ဟု အသေးစိတ်ရေးသာဖော်ပြခြင်းမရှိဘဲ တစ်နှစ်စာသုံးမည့် ငွေရပ်စုစုပေါင်းပမာဏကိုသာ ထည့်သွင်၍ ထုတ်ယူသုံးစွဲ ကြခြင်းဖြစ်ပေသည်။

မိမိတို့နိုင်ငံ၏ ဘတ်ဂျက်စနစ်များမှာမူ ၂၀၁၈ခုနှစ်၊ ဧပြီလမှစတင်အသုံးပြုမယ့်ဘတ်ဂျက်ကို ၂၀၁ရခုနှစ် အောက်တိုဘာ(သို့) နိုဝင်ဘာလ ကတည်းက ကြိုတင်ခန်းမှန်း ရေးဆွဲကြရပေသည်။ ထို့ကြောင့် နိုဝင်ဘာလနောက်ပိုင်းမှ ဖြစ်ပေါ်လာသော အစိုးရစနစ်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ဖြစ်သော E-government စနစ်မျိုးအတွက် Plan နှင့် Budget ရေးဆွဲခြင်း အပိုုင်းများတွင် ချိတ်ဆက် ခန့်မှန်းမှုများ လွဲချော်သွားနိုင်ပေသည်။

ထို့ကြောင့်ပင် လာမည့်ဘဏ္ဍာရေးနှစ်ဖြစ်သော ၂၀၁၈-၂၀၁၉ April-September (၆)လတွင် E-government နှင့် ပတ်သက်သသော လျာထားမှုများလျော့နည်းနိုင်ပေသည်။ ၂၀၁၈-၂၀၁၉ Oct-September ဘဏ္ဍာရေးနှစ်(၁)နှစ်စာတွင်မှ စနစ်တကျထည့်သွင်းလျာထားနိုင်ကြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါသောကြောင့် ခေါင်းဆေင်များ၏ အမြော်အမြင်နှင့် ဘတ်ဂျက်အပေါ်သိနားလည်ခြင်းက E-government စနစ်အောင်မြင်ရေးအတွက် လက်တွေ့ကျကျ လိုအပ်မည့်အချက်ပင်ဖြစ်ပေသည်။

E-government စနစ်အောင်မြင်ရေးအတွက်လိုအပ်မည့် အချက်တစ်ခုမှာ စနစ်တွင်ပါဝင်သူများ အားလုံးတစ်ပြေးညီ အသုံးပြုရေးပင်ဖြစ်ပါသည်။ သုံးသည့်သူကသုံးပြီး မသုံးသည့် သူကမသုံးလျင်လည်း စနစ်အနေဖြင့် မအောင်မြင်နိုင်ပေ။

နိဂုံးချုပ်အားဖြင့်ဆိုသော် မြန်မာနိုင်ငံ၏ E-government စနစ်အောင်မြင်ရေးအတွက် အင်စတီကျူးရှင်း အသီးသီးတွင် တာဝန်ယူထားသော ခေါင်းဆောင်များ၏ အမြော်အမြင်၊ Capacity၊ Plan & Budget အပေါ်ချိတ်ဆက်သိနားလည်းမှုနှင့် လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဆောင်ရွက်မှုများကသာ အဆုံးအဖြတ် ပေးမည့်အချက်ဖြစ်ပါကြောင်း မီးမောင်းထိုး တိုက်တွန်ရေးသား လိုက်ရပေသည်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ