spot_img
24.9 C
Loikaw
Thursday 9, October 2025
spot_img
Homeသတင်းအလင်းဝင်ရောက်လာဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို SSLRU နဲ့ SSRY ပူးပေါင်းတပ် သွားရောက်ကယ်ထုတ်

အလင်းဝင်ရောက်လာဖို့ ချိတ်ဆက်လာတဲ့ စစ်ကောင်စီတပ်သား ၄ဦးကို SSLRU နဲ့ SSRY ပူးပေါင်းတပ် သွားရောက်ကယ်ထုတ်

-

ကန္တာရဝတီတိုင်း(မ်)

စစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မ စုဆောင်းခံရတဲ့ စစ်ကောင်စီတပ်သား ၄ဦးဟာ အလင်းဝင်လာဖို့ ချိတ်ဆက်လာတာကြောင့် SSLRU နဲ့ SSRY ပူးပေါင်းတပ်တို့ သွားရောက်ကယ်ထုတ်ခဲ့တယ်လို့ ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU)တပ်ရင်းတာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

အဆိုပါ တပ်သားလေးဦးဟာ မိုးဗြဲမြို့အခြေစိုက် ခမရ (၄၂၂) တပ်ရင်းမှာ တာဝန်ကျနေတဲ့ ခမရ (၅၀၈) တပ်ရင်း က တပ်သားတွေဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ဆီချိတ်ဆက်လာတော့ ကျနော်တို့ နှစ်ဖွဲ့သွားရောက်ကယ်ထုတ်ခဲ့တာ။ အဲ့ တပ်သား ၄ဦး က‌တော့ တစ်ယောက်က ၂၂ နှစ်ပါ ၊ ကျန်သုံးယောက်က ၂၅ နှစ်အထက်တွေပါ။အခုလို ကျနော်တို့ဆီ အလင်းဝင်လာတာက အခု ပထမဆုံး လေးယောက်ပါ။” လို့ SSLRU တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့မှာ ချိတ်ဆက်လာခဲ့တာဖြစ်ပြီး ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ မှာ သွားရောက် ကယ်ထုတ်လာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အလင်းဝင်ရောက်လာတဲ့ တပ်သားတွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီး လူသစ်စုဆောင်းခြင်းခံခဲ့ရသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတာကြောင့် အလင်းဝင်လာတာဖြစ်တယ်လို့ ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ SSLRU နဲ့ အမှတ် (၁၀၀၈) SSRY တပ်တို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အတင်းအဓမ္မစုဆောင်းခံရတဲ့ စစ်မှုထမ်းနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကြိုဆိုလျက်ရှိပြီး ပြည်သူတွေနဲ့ အတူပူးပေါင်းပါဝင်ကြဖို့ကိုလည်း SSLRU နဲ့ အမှတ် (၁၀၀၈) SSRY ပူးပေါင်းတပ်တို့က တိုက်တွန်း ထားပါတယ်။

၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်းကစပြီး စစ်မှုထမ်းဥပဒေကြောင့် တပ်သားသစ်ဖြစ်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒေသအလိုက် တော်လှန်ရေးတပ်ဖွဲ့ထံ ဝင်ရောက်ခိုလှုံမှု များပြားလာတယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ