spot_img
19.2 C
Loikaw
Sunday 25, January 2026
spot_img
Homeသတင်းနန်းဖဲကျေးရွာအုပ်စုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

နန်းဖဲကျေးရွာအုပ်စုအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဘောလခဲမြို့နယ် ၊ နန်းဖဲကျေးရွာအုပ်စုအတွင်းက တစ်နေရာကို ဖေဖော်ဝါရီ ၆ ရက်နေ့ ည ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီ က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အမျိုးသမီးတစ်ဦးသေဆုံးခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ တာအယ်စိုးက ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

“နန်းဖဲကျေးရွာအုပ်စုထဲက ကျေးရွာတစ်ခုနံဘေးမှာ စျေးဆိုင်ဖွင့်တဲ့နေရာကို စစ်ကောင်စီက မနေ့ည ၉နာရီမှာ ဗုံးကြဲတဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့ရတယ်‌ပေါ့နော” လို့ သူက ပြောပါတယ်။

စစ်ကောင်စီက လမ်းဘေး ထမင်းဆိုင်ဖွင့်ထားတဲ့နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အသက် ၅၀ ဝန်းကျင်အရွယ် ဆိုင်ပိုင်ရှင် အမျိုးသမီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။ သေဆုံးသူအပြင် ဒဏ်ရာရသူ သုံးဦးရှိခဲ့တယ်လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လာပြောပြတယ်။ ဗုံးကြဲသွားတယ်ဆိုပြီးတော့လေး။ လေးယောက်ထိတယ်တဲ့။ သိရတဲ့ချိန်ကတော့ ည ၁၀နာရီထိုးနေပြီ။ တကယ်တမ်း ဗုံးကြဲတာက ၉နာရီဝန်းကျင်လောက်ပေါ့။” လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အခြေအနေကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ မေးမြန်းနေဆဲဖြစ်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့ နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေးကြဖို့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ထပ်မံတိုက်တွန်းကြောင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၇၈ နှစ်မြောက် ရှမ်းပြည်နယ်နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ ထပ်မံထည့်သွင်းပြောကြားခဲ့ပေမယ့် နိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှုကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေတာပါ။

၂၀၂၅ခုနှစ် နှစ်သစ်ကစလို့ ကရင်နီပြည်တွင်းနဲ့ ရှမ်း-ကရင်နီနယ်စပ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်လုပ်ဆောင်နေပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒီးမော့ဆို နဲ့ ဘောလခဲမြို့နယ်က အရပ်သား ၅ ဦး ထိခိုက်သေဆုံးခဲ့ရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ