ကန္တာရဝတီတိုင်း(မ်)
“ညအိပ်တဲ့အချိန်မှာ ကြက်တွေ ပြုတ်ကျတဲ့အသံကို ကြားလိုက်တယ်။ မနက်ထကြည့်တော့ အောက်မှာ (၃) ကောင် သေနေတယ်။”
ညဘက် အိပ်နေချိန် ကြားလိုက်ရတဲ့ ကြက်တွေ ပြုတ်ကျသံကြောင့် မနက်အိပ်ရာထချိန်မှာ ကြက်တွေ သေဆုံးနေပြီဆိုတာ ခူးကွယ်ရယ် သိလိုက်ရပါတယ်။ ညတွင်းချင်း ကြက်တွေ ရုတ်တရက် သေဆုံးသွားတာပါ။
ကြက်တွေ မသေဆုံးခင်ကတည်းက အိမ်နီးနားချင်းတွေရဲ့ ကြက်တွေ သေဆုံးနေတဲ့အကြောင်းကို ခူးကွယ်ရယ်က ကြိုတင်သိရှိထားခဲ့ပါတယ်။ ဒါပေမယ့် သူမွေးထားတဲ့ ကြက်တွေကတော့ အဲ့ဒီအချိန်မှာ ကျန်းကျန်းမာမာနဲ့ ရှိနေသေးတာကြောင့် သူ့ကြက်တွေလည်း အခုလို သေဆုံးလာမယ်လို့ မထင်ထားခဲ့ပါဘူး။
ကြက်နာကျမှုဟာ ခူးကွယ်ရယ်အတွက် အသစ်အဆန်းမဟုတ်ပဲ နှစ်စဉ်လိုလို ကြုံတွေ့နေရတဲ့ ဆုံးရှုံးမှုတခု ဖြစ်ပါတယ်။ ကရင်နီပြည် ဒီးမော့ဆို(ရှေ့)မြို့နယ်မှာ ယခုလအတွင်း ကြက်နာကျမှုတွေ ဖြစ်ပွားနေပြီး ကြက်မွေးမြူထားတဲ့ ဒေသခံတွေ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်နေရပါတယ်။
စစ်ဘေးကြောင့် နေရပ်စွန့်ခွာပြီး စစ်ရှောင်နေရတဲ့ ဒေသခံတွေအတွက် ကြက်မွေးမြူရေးဟာ စားဝတ်နေရေးအတွက် တဖက်တလမ်းက အထောက်အကူဖြစ်စေမယ့် နည်းလမ်းတခုပါ။
ကြက်တွေကို တနိုင်တပိုင် မွေးမြူထားပြီး မိသားစုစားဝတ်နေရေးအတွက် မီးဖိုချောင်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ မျှော်လင့်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် နှစ်စဉ်ကြုံတွေ့နေရတဲ့ ကြက်နာကျမှုက အဲ့ဒီမျှော်လင့်ချက်တွေကို ဆုံးရှုံးမှုတွေအဖြစ် ပြောင်းလဲစေပါတယ်။
“ကြက်က ဘာမှမဖြစ်ဘူး။ အကောင်းတိုင်းပဲ ရုတ်တရက်ထဖြစ်တာ” လို့ ခူးကွယ်ရယ်က ကြက်တွေ သေဆုံးသွားတဲ့အခြေအနေကို ပြောပြပါတယ်။
ကြက်တွေဟာ ယခင်က ဘာရောဂါလက္ခဏာမှ မပြပဲ ရုတ်တရက် သေဆုံးသွားကြတာပါ။ အခုလို ရုတ်တရက် သေဆုံးမှုတွေကြောင့် ကြက်မွေးမြူထားသူတွေအနေနဲ့ ဘာကြောင့်သေဆုံးရတယ်ဆိုတာ သိဖို့ခက်သလို ကြက်တွေကို ထပ်မံဆုံးရှုံးမှုမရှိအောင် ကာကွယ်ဖို့လည်း အခက်အခဲရှိနေပါတယ်။
ခူးမီရယ်ရဲ့ ကြက်တွေကလည်း အလားတူ ကြက်နာကျမှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ကြက်တွေ စတင်သေဆုံးလာပြီး တပတ်ခန့်အတွင်း မွေးမြူထားတဲ့ ကြက်တွေအားလုံး ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
“ကျနော့်ဟာဆို သေကုန်ပြီ။ မရှိတော့ဘူး။ တစ်ပတ်ပဲကြာတယ်။ ခဏလေးအတွင်း အကုန်ပြောင်ပဲ” လို့ ခူးမီရယ်က ပြောပါတယ်။
တနိုင်တပိုင် မွေးမြူထားတဲ့ ကြက်တွေဟာ စစ်ရှောင်နေရတဲ့ မိသားစုတွေအတွက် အာဟာရ
တခုဖြစ်သလို စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေမယ့် မျှော်လင့်ချက်တခုလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကြက်နာကျမှုကြောင့် တနှစ်ပြီးတနှစ် ဆုံးရှုံးမှုတွေ ကြုံနေရတဲ့အခါ အဲ့ဒီမျှော်လင့်ချက်ဟာ ပြန်လည်စတင်ဖို့ ခက်ခဲတဲ့အခြေအနေတခု ဖြစ်လာပါတယ်။
စစ်ရှောင်ဘဝမှာ စားဝတ်နေရေးအတွက် အားတခုဖြစ်စေဖို့ မွေးမြူထားတဲ့ ကြက်တွေဟာ ရောဂါကြောင့် ရက်ပိုင်းအတွင်း သေဆုံးသွားကြတာပါ။ ကြက်တွေကို ပြန်လည်မွေးမြူဖို့ဆိုရင်လည်း အရင်းအနှီးလိုအပ်တာကြောင့် နှစ်စဉ်ကြုံတွေ့နေရတဲ့ ဒီဆုံးရှုံးမှုတွေဟာ စစ်ရှောင်တွေရဲ့ စားဝတ်နေရေးအပေါ် သက်ရောက်မှုရှိနေပါတယ်။
ဒါ့အပြင် ဒီးမော့ဆို(ရှေ့)မြို့နယ်မှာတော့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးနဲ့ ရောဂါအကြောင်း တိကျွမ်းနားလည်တဲ့ တိရစ္ဆာန်ကျန်းမာရေးမှူး မရှိဘူးလို့ သိရပါတယ်။ ကြက်တွေ ရုတ်တရက် သေဆုံးလာတဲ့အခါ ရောဂါအကြောင်း သိရှိဖို့နဲ့ ကာကွယ်ကုသနိုင်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် မွေးမြူရေးလုပ်ကိုင်သူတွေရဲ့ ဆုံးရှုံးမှုကို ပိုမိုကြီးမားစေပါတယ်။
စားဝတ်နေရေးအတွက် အထောက်အကူဖြစ်စေဖို့ မွေးမြူထားတဲ့ ကြက်တွေဟာ နှစ်စဉ်ရောဂါကြောင့် သေဆုံးနေကြပြီး ပြန်လည်မွေးမြူဖို့အတွက်လည်း အရင်းအနှီးနဲ့ အားစိုက်ထုတ်မှုတွေ လိုအပ်နေပါတယ်။ မိသားစုစားဝတ်နေရေး ပြေလည်စေဖို့ နဲ့ မီးဖိုချောင် အသုံးစရိတ် လျှော့ချနိုင်ဖို့ ရည်ရွယ်ပြီး မွေးမြူထားတဲ့ ကြက်တွေဟာ ရောဂါကာကွယ်ကုသရေး အကူအညီမရရှိတဲ့အခါ စစ်ရှောင်တွေအတွက် နှစ်စဉ်ပြန်လည်ရင်ဆိုင်နေရတဲ့ ဆုံးရှုံးမှုတခုအဖြစ် ရှိနေပါတယ်။








