ကန္တာရ၀တီတိုင်း(မ်)
ယမန်နေ့ (မေလ ၂၄ရက်) ည ၉နာရီခွဲ ဝန်းကျင်ခန့်ခန့်မှာ မိုးသည်းထန်စွာ ရွှာသွန်းမှုကြောင့် မော်ချီးလိုခါးလိုနဲ့ အောင်ချမ်းသာ ရပ်ကွက်အကြားက တောင်ကျချောင်းမှာ ရေတွေနဲ့အတူ ကျောက်ခဲလုံးတွေ မျောပါလာတာကြောင့် ချောင်းအနီးရှိ ဆိုင်တွေနဲ့ ယာဥ်တချို့ကျောက်ခဲတွေနဲ့ ဖုံးသွားခဲ့ပါတယ်။
“ခဲလုံးနဲ့ ရေတွေနဲ့ အကြီးကြီးပဲ လျှံလာတာ၊ အဲ့ဒါ အလုံးလိုက် ဆင်းလာတာ တရွှာလုံးဓာတ်မီးတွေနဲ့ ချောင်းထဲကို ထွန်းတော့ မြင်ရတာပေါ့” လို့ မျက်မြင်တွေ့ရှိသူအမျိုးသမီး တစ်ဦးက ပြောပါတယ်။
တောင်ကျ ချောင်းရေကြောင့် ဒေသခံ တစ်ဦး ခြေထောက် အနည်းငယ် ဒဏ်ရာ ရှိခဲ့တယ်လို့ သူကဆက်ပြောပါတယ်။
တောင်ကျချောင်းရေနဲ့ ကျောက်ခဲတွေ ကျလာတဲ့အရှိန်ပြင်းတာကြောင့်လည်း ပြည်သူတွေရဲ့ ဆိုင်တွေ၊ ခဲကျင်းသုံးမီးစက် တွေနဲ့ ယာဥ်တွေ လဲ ကျောက်ခဲတွေ အောက် ရောက်သွားတယ်လို့ သိရပါတယ်။
ယနေ့ မနက်ပိုင်းမှာတော့ ဒေသခံတွေက ကျောက်ခဲဖုံးနေတဲ့ နေရာတွေကို ဖယ်ထုတ် ရှင်းထုတ်တာတွေကို လုပ်ဆောင်နေကြပါတယ်။




