spot_img
21.9 C
Loikaw
Thursday 2, October 2025
spot_img
Homeသတင်းငွေတောင်ဆည်အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားမှု ရှိနေတာကြောင့် ဒေသခံ တချို့ ကြိုတင် တိမ်းရှောင်နေ

ငွေတောင်ဆည်အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေ လှုပ်ရှားမှု ရှိနေတာကြောင့် ဒေသခံ တချို့ ကြိုတင် တိမ်းရှောင်နေ

-

ကန္တရဝတီတိုင်း(မ်)

ပြီးခဲ့တဲ့ ယမန်နေ့ ဩဂုတ် လ (၄) ရက်နေ့မှာ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်အနီးတဝိုက်မှာ စစ်ကောင်စီတပ်တွေဘက်က သွားလာလှုပ်ရှားမှုတွေ ပြုလုပ်လာတာကြောင့် အနီးနားက အရပ်သားပြည်သူတွေ ကြိုတင်တိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

ယခင်က ငွေတောင်ကျေးရွာ နဲ့ ဆယ်မြောင်းရပ်ကွက် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေဟာ လက်ရှိမှာတော့ ငွေတောင်ဆည်ဘောင်အောက်ဘက်က ဓတ်ခွဲစက်ရုံအနီးထိ ရောက်ရှိလာတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

“ငွေတောင်ဆည်ဘက်နဲ့ ပက်သက်ရင်တော့ စစ်ကောင်စီတွေကတော့ ဒီဘက်လမ်းမကြီးကို ဦးတည်ပြီးတော့မှ ထိုးမယ့် အနေအထားမှာ ရှိတယ်ပေါ့နော်။ ဒါပေမယ့် လက်ရှိကတော့ သူတို့ ငွေတောင်ဆည် ဘောင်အောက်က ဓတ်ခွဲစက်ရုံ နားမှာ ရောက်နေတယ်။ ဒီဘက် ဆက်တိုးလာရင်တော့ တိုက်ပွဲတွေ ဖြစ်ဖို့ပဲ ရှိမယ်။ ပြီးတော့ ကျောက်ဆည်ကန်ဘက်မှာလည်း လှုပ်ရှားမှုတွေ ရှိနေတယ်”လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီ တပ် ဟာ အနီးအနားမှာ ရှိတဲ့ ဒေါငံခါးနဲ့ ကုန်းသာ ကျေးရွာ ဘက်ကို လက်နက်ကြီးတွေ ဒရုန်းတွေ နဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဆိုသလို ပစ်ခတ်မှုတွေ ရှိနေပါတယ်။

အခုလို ဆက်တိုက် ပစ်ခတ်မှုတွေ ကြောင့်ဒေသခံ တချို့ စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဒရုန်းတွေ နဲ့ တစ်ရက်လုံး လိုလို လာချတော့ တချို့တွေတော့ ရှောင်ကြတာ ရှိတယ်။” လို့ အနီးအနားက ဒေသခံ တစ်ဦးက ပြောပါတယ်။

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး (၂) ဆရာဗညားကတော့ အရေးပေါ် တုန့်ပြန်ရေး ဌာန ကနေ အဆင်သင့် ရှိနေပြီး တချို့ ရွေ့ပြောင်းနေကြတဲ့ ဒေသခံတွေကို ကူညီပေးနေတာတွေ ရှိတယ်လို့ သူကအခု လို ပြောဆိုပါတယ်။

“လောလောဆယ်ကတော့ စစ်ရေးအရလည်း ဘာမှ ပြောလို့ မရသေးတဲ့အပေါ်မှာ ကလည်း လူထုတွေက သူ့ဟာသူ အဆင်ပြေသလို ရွေ့နေကြတယ်။ ဒီဘက်မှာကလည်း အရေးပေါ် တုန့်ပြန်ရေး ဌာန ကလည်း အမြဲတမ်း အဆင့်သင့် ရှိနေပြီး တချို့ရွေ့ပြောင်းနေကြတဲ့ သူတွေ ကူညီနေတာ ရှိတယ်” လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှူး(၂) ဆရာဗညားက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ရှမ်း-ကရင်နီနယ်စပ် ၊ ဖယ်ခုံ အရှေ့ဘက်ကမ်းဒေသခံတွေနဲ့ နန်းမယ်ခုံ ဒေသခံတွေ အပါအဝင်ပြီးခဲ့တဲ့ ဇူလှိုင်လအထိ လူဦးရေပေါင်း တစ်သောင်းတစ်ထောင်ဝန်းကျင်ဟာ ဘေးလွတ်ရာနေရာကို ရွေ့ပြောင်းတိမ်းရှောင်နေကြပြီပဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ