ပြီးခဲ့တဲ့ ဩဂုတ်လ ဒုတိယပတ်ကစပြီး မိုးဗြဲဆည် ရေကာတာ ဖောက်ချလိုက်တာကြောင့် မိုးဗြဲ ဆည်အောက်ဘက်မှာ စိုက်ပျိုးထားတဲ့ တောင်သူတွေရဲ့ စပါးခင်း ဧကပေါင်း ၆၀၀ နီးပါး နစ်မြုပ်နေတယ်လို့ သိရှိရပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ (၁၀) ရက်နေ့ကစ ရေစတင်မြှင့်တက်လာတာဖြစ်ပြီး လယ်ဧကပေါင်း ၆၀၀ နီးပါး ရေနစ်မြှုပ်မှုနဲ့ ကြုံတွေ့နေရတယ်လို့ IEC မြို့နယ်ပူးပေါင်း အုပ်ချုပ်ရေးအဖွဲ့ရဲ့ စိုက်ပျိုးရေး တာဝန်ခံ ကိုစိုင်းကျော်ကျော်က အခုလို ပြောပါတယ်။
“ရေစတက်တာက ဩဂုတ်လ (၁၀) ရက်လောက်မှာပေါ့နော်။ အဲ့ချိန်ကတည်းက ရေစတက်နေတယ်။ နောက်အခုတော့ လယ်မြှုပ်တဲ့ စုစုပေါင်း ဧက တော့ ၅၅၀ ၊ ၆၀၀ နီးပါး လောက်တော့ ရေကြီးနေတယ်” လို့ ကိုစိုင်းကျော်ကျော်က ပြောပါတယ်။
လက်ရှိမှာတော့ လယ်ခင်းတွေမှာ တစ်ရက်ကို ၅ လက်မဝန်းကျင်နှုန်းနဲ့ ရေမြှင့်တက်နေပြီး နောက်ပိုင်းကျ ရေ ဆက်လက်မြှင့်တက်နိုင်တဲ့ အနေအထားမှာရှိတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ် ရေကြီးမှုကြောင့် လယ်ခင်းနစ်မြှုပ်တာထက် ယခုနှစ်က ပိုနစ်မြှုပ်တယ်လို့ ပြောပါတယ်။
မိုးဗြဲဆည်ကနေ ဘီလူးချောင်းထဲကို ရေစီးဆင်းတာကြောင့် ဘီလူးချောင်းအနီးအနားက ကျေးရွာတချို့မှာလည်း စိုက်ပျိုးထားတဲ့ စပါးခင်း၊ ပြောင်းခင်း ရေနစ်မြှုပ်မှုရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့နယ်အတွင်းက လောပိတ ကျေးရွာအုပ်စုမှာလည်း ရေနစ်မြှုပ်မှုနဲ့ ကြုံတွေ့နေရပြီး ဧကပေါင်းကိုတော့ အတိအကျ မပြောနိုင်သေးဘူးလို့ လွိုင်ကော်မြို့နယ်ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။
“ကျနော့် သူငယ်ချင်း ဟာဆိုရင် သူတစ်ယောက်ထဲကို ပြောင်း ၅ ထုပ်စာ လောက် မြုပ်သွားတယ်။ အခုက ဘီးလူးချောင်း ပတ်ပတ်လည် တစ်ကျောလုံးဆိုတော့ တော်တော်များမယ်။ ဧက အတိအကျကို တော့ မပြောတတ်ဘူး” လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း မိုးဗြဲ ရေကာတာ ဖောက်ချမှုကြောင့် တောင်သူတွေရဲ့ လယ်ဧကပေါင်း ထောင်နဲ့ ချီ နစ်မြုပ်သွားတဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။ ဒေသခံတွေဟာ စားဝတ်နေရေးအတွက် ဆန်စပါးကို အဓိက စိုက်ပျိုးတာကြောင့် လာမယ့်နှစ်အတွက် ဝမ်းရေးအခက်ကြုံမှာကိုလည်း စိုးရိမ်ပူပန်မှု ရှိနေကြပါတယ်။