spot_img
19.9 C
Loikaw
Thursday 2, October 2025
spot_img
Homeအင်တာဗျူးမိုးဗြဲ အနီးမှာ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီး ရိုက်နှက်ခြင်းခံရပြီး ပြန်လည်လွှတ်မြောက်လာတဲ့ ဦးပလို နဲ့ ဆက်သွယ်မေးမြန်းခြင်း

မိုးဗြဲ အနီးမှာ စစ်ကော်မရှင်တပ်ရဲ့ ဖမ်းဆီး ရိုက်နှက်ခြင်းခံရပြီး ပြန်လည်လွှတ်မြောက်လာတဲ့ ဦးပလို နဲ့ ဆက်သွယ်မေးမြန်းခြင်း

-

ကန္တာရဝတီတိုင်း(မ်)

“တခြားလူတွေကိုတော့ ကျနော့်လို မကြုံစေချင်ဘူး။ အဲ့ဖက်လည်း မသွားကြပါနဲ့ပေါ့။ ကျ‌နော့်လိုမျိုး မခံစားစေချင်ဘူးပေါ့။”

ရှမ်း – ကရင်နီနယ်စပ်၊ မိုးဗြဲမြို့နဲ့ – လွိုင်ကော်မြို့နယ် အကြားက ဆော်ခီးဒေါကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်သားတွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ တတိယပတ်အတွင်း စပါးရိတ်သိမ်းနေတဲ့ ပြည်သူတချို့ကို ဖမ်းဆီးခေါ်ဆောင်ကာ ရိုက်နှက်မှုပြုလုပ်ခဲ့တယ်လို့ ပြန်လည်လွှတ်မြောက်လာသူတွေက ပြောပါတယ်။

အသက် ၄၉ နှစ်အရွယ် ဦးပလိုကတော့ စက်တင်ဘာလ ၁၆ ရက်နေ့က လယ်ကွင်းမှာ စပါးရိတ်ဖို့ ပြင်ဆင်နေစဉ် အရပ်ဝတ်နဲ့ စစ်ကော်မရှင်တပ်သားတွေက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။ အဲ့ဒီတစ်ရက်တည်းမှာပဲ အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး အပြင် အမျိုးသမီးနှစ်ဦးကိုလည်း စစ်ကော်မရှင်က ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးပြီးနောက် ဆော်ခီးဒေါကျေးရွာမှာ ချုပ်နှောင်ထားတာ၊ ရိုက်နှက်တာ၊ ကျင်စက်နဲ့ တို့တာ စသဖြင့် စစ်ကော်မရှင်တပ်သားတွေက ကျူးလွန်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရပြီး ၃ရက်အကြာမှာတော့ ဦးပလိုအပါအဝင် ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးပလိုကို ကန္တာရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဖမ်းဆီးခံရမှု နဲ့ပတ်သက်ပြီး အခြေအနေ အသေးစိတ် အရင်ဖြေကြားပေးနိုင်မလားရှင့်။
ဖြေ။ ။အစကတော့ စပါးသွားရိတ်မို့ပေါ့နော်။ အဲ့ချိန်က တဲထဲမှာ ပစ္စည်းထား ထမင်းစားပြီး မိုးကာချည်ပြီးမှ စပါးရိတ်တော့မယ်ဆိုပြီးမှ မိုးကာကောက်‌တော့မယ်ချိန်မှာ သူတို့က (စစ်ကော်မရှင်တပ်သား) သေနတ်ဖောက်ပြီးမှ ကျနော်တို့ကိုခေါ်လာတာ။ ခေါ်လာပြီးမှ နင်တို့ လူဘယ်နှစ်ယောက်ရှိလဲ မေးတာ။ အစက ကျနော်တို့နဲ့ မိန်းကလေးနှစ်ယောက်၊ မိန်းကလေးနှစ်ယောက် သီးသန့် တစ်လမ်း ၊ ကျနော်က သီးသန့်တစ်လမ်း။ သူတို့က အပေါ်လမ်းသွားတယ်။ ကျနော်က အောက်လမ်းသွားတယ်။

မေး။ ။ အခု ဖမ်းခေါ်သွားတာ စစ်ကော်မရှင်ဖက်က စစ်ကြောင်းထိုးလာရင်းနဲ့ ဖမ်းတာလား၊ ဘယ်လိုပုံစံနဲ့ ဖမ်းခေါ်သွားတာလဲ။
ဖြေ။ ။ အဲ့မှာပဲရှိတယ် သူတို့အရပ်ဝတ်နဲ့ပဲလာတယ်။ သူတို့ ၄ယောက် တစ်စု နဲ့ ၂ယောက် တစ်စုပေါ့။ သူတို့ အရပ်ဝတ်နဲ့ ပဲ လာတယ်။

မေး။ ။ ဘယ်နေရာမှာ ဖမ်းခေါ်သွားခဲ့တာလဲ၊ ကျေးရွာထဲလား။
ဖြေ။ ။ ဖမ်းမိတဲ့ ရွာက ဆော်ခီးဒေါရွာအောက်မှာပေါ့။ ကျနော်က လတိန်နွဲ့ဖက်မှာ စစ်ရှောင်နေတာ။ အဲ့မှာ စားစရာမရှိလို့ စပါးငုတ် သွားရိတ်မလို့ အဲ့ ဆော်ခီးဒေါရွာအောက်ဖက်မှာ။ သူများလယ်လည်း ရေမြုပ်ကုန်တယ်။ စပါးငုတ်ပဲ သွားရိတ်မယ် စိတ်ကူးထားတာ။ နောက် သူတို့ ဖမ်းခေါ်သွားတာ။

မေး။ ။ ဘယ်နေ့ရက် ဘယ်အချိန်မှာခေါ်သွားပြီး ဘယ်အချိန်မှာ ပြန်လွတ်ပေးခဲ့တာလဲ။
ဖြေ။ ။ အင်္ဂါနေ့ပေါ့ စက်တင်ဘာလ ၁၆ ရက်နေ့မှာ ခေါ်သွားတာ။ ဆော်ခီးဒေါမှာ ခေါ်လာပြီးမှ ၃ ည အိပ်ရတယ်။

မေး။ ။ စစ်ကော်မရှင်တပ်သားက ဖမ်းခေါ်သွားပြီး သူတို့ထားတဲ့နေရာမှာ နေထိုင်စားသောက်မှုနဲ့ ပတ်သက်ပြီး ဘယ်လို စီစဥ်ပေးတာရှိလဲ။ ဖမ်းခေါ်ခံရမှုအတွင်းမှာကော ဘယ်လို ဆက်ဆံ ပြောဆိုတာမျိုးတွေရှိလဲ။
ဖြေ။ ။ နေထိုင်စားသောက်ကတော့ သူတို့ ထမင်းကျွေး ရေတိုက်တယ်။ ကျနော်တို့ ရောက်တဲ့ချိန်က ၁၁ နာရီမှာ သူတို့ ထမင်းကျွေးတယ်။ ထမင်းကျွေးပြီးမှ ညနေ ၁နာရီ ၂နာရီချိန်မှာ တစ်ချက်ရိုက်တယ်။ ခေါင်းပေါ်မှာနဲ့ ပခုံးမှာ တချက်နှစ်ချက်ရိုက်ပြီး တအောင့် နေပြီးမှ ညနေ ၅နာရီခွဲချိန်မှာ ပြန်ရိုက်၊ ပြန်ရိုက်ပြီးမှ သူတို့ ရှော့တိုက်လားမသိဘူး (ကျင်စက်) အဲ့တာမျိုးနဲ့ တို့ ပြီးမှ အိမ်ပေါ်ခေါ်တက်ပြီးမှ ပြန်ရိုက် ပြီး ၈နာရီခွဲမှာ ‌နောက်အိမ် ရွှေ့။ နောက်အိမ်ရောက်တော့ အဲ့အိမ်မှာနေရင် ခင်များတို့ သေမယ်ဆိုပြီး သူတို့ ဆရာတစ်ယောက်ပြောပြီး ကျနော်တို့ကိုခေါ်သွားတာ။

မေး။ ။ စခေါ်သွားတဲ့အချိန်မှာ ဘယ်လိုအကြောင်းပြချက်တွေကြောင့် ခေါ်သွားလဲ ။ ဘာတွေမေးမြန်းမှုတွေ လုပ်ခဲ့လဲ။
ဖြေ။ ။ ချက်ချင်းခေါ်သွားတယ်။ စကားလည်းမပြောရဘူး။ အရှေ့မှာ သွားခိုင်းတယ်။ အဲ့ဖက်သွား အဲ့ဖက်သွားဆိုတာပဲ ညွှန်း။ ကျနော့်သူငယ်ချင်းကိုတော့ ဆိုင်ကယ်နဲ့ တင်ခေါ်သွားတယ်။ ကျနော်က ခြေလျင်နဲ့ပဲ လျှောက်တယ်။ သွားတဲ့အချိန်က သူတို့ ကလေး ( တော်လှန်ရေးတပ်ဖွဲ့) အကြောင်းပဲ မေးတယ်။ ပြီးတော့ ဘယ်မှာနေလဲ ဘယ်သူနဲ့လာလဲ အဲ့တာပေါ့။ နောက် တော်လှန်ရေးတပ် ဘယ်မှာရှိလဲ မေးတယ်။ သူတို့ ဒရုန်းရှိလားလဲ မေးတယ်။

မေး။ ။ အခုလိုမျိုး ဖမ်းဆီးခံရတာ ပထမဆုံးအကြိမ်လား၊ ဘယ်နှစ်ကြိမ်ရှိဖူးပြီလဲ။ အခြားသော ပြည်သူတွေကိုကော ဘယ်လိုအသိပေး ပြောဆိုချင်လဲ။
ဖြေ။ ။ အဲ့တာတော့ ပထမဆုံးပေါ့။ တခြားလူတွေကိုတော့ ကျနော့် လို မကြုံစေချင်ဘူးပေါ့။ အဲ့ဖက်လည်း မသွားကြပါနဲ့။ ကျ‌နော့်လိုမျိုး မခံစားစေချင်ဘူးပေါ့။ ကျနော့်သူငယ်ချင်း ညီအစ်ကို မောင်နှမတွေပေါ့။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ