ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်မှာ လူငယ်တွေရဲ့ လေးပုံသုံးပုံက ကျွမ်းကျင်မှုပညာရပ်ဖြစ်တဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေကို လိုချင်နေကြတယ်လို့ ကုလသမဂ္ဂ
ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) က ယမန်နေ့ အောက်တိုဘာ ၇ ရက်နေ့မှာ အစီရင်ခံစာထုတ်ပြန်ပါတယ်။
“ကယားပြည်နယ်မှာဆိုရင် လူငယ် လေးယောက်မှာ သုံးယောက်က ဒီလိုသင်တန်းမျိုးတွေ လိုချင်နေကြပါတယ်။” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံတစ်ဝှမ်း လူငယ်တွေရဲ့ ၅၀ ရာခိုင်နှုန်းက အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ လိုအပ်နေတယ်လို့လည်း UNDP ကပြောထားပါတယ်။
အလားတူ ကရင်နီပြည်မှာ ပဋိပက္ခကာလအတွင်း လူငယ်လူဦးရေရဲ့ ထက်ဝက်ကျော်က အလုပ်လက်မဲ့ဖြစ်နေတယ်လို့ UNDP က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ သူတို့ထဲက လူငယ်အမျိုးသမီးတွေက အလုပ်လက်မဲ့နှုန်းကို ပိုပြီးရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။
“ကျမတို့ပတ်ဝန်းကျင်မှာ လုပ်စရာမယ်မယ်ရရ အလုပ်ဆိုတာမရှိဘူးပေါ့နော။ စားသောက်ဆိုင်လေးတွေမှာ ဝန်ထမ်းလိုက်လုပ်ပေးကြတဲ့သူလည်းရှိတယ်။ ဒါပေမဲ့လည်း ရှိတဲ့လူပမာဏနဲ့ ဝန်ထမ်းလိုအပ်တဲ့ပမာဏက တအားကွာနေတာပေါ့။ ဒီတိုင်းပဲနေတော့လည်း ကြာလာတော့ ဝင်ငွေမရှိတော့ စိတ်ဓာတ်ကျတယ်။” လို့ ဒီးမော့ဆိုအနောက်ဖက်ခြမ်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ထိုင်းအစိုးရက နယ်စပ်ဒုက္ခသည်တွေကို တရားဝင်အလုပ်လုပ်ခွင့်ပေးမယ်လို့ ကြေညာပြီးနောက်ပိုင်းမှာလည်း ပြည်ပကို ထွက်ခွာဖို့ကြိုးစားလာတဲ့ ကရင်နီက လူငယ်တွေ ပိုများလာတယ်လို့ မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ကန္တာရဝတီတိုင်း(မ်) ကို ဖြေကြားဖူးပါတယ်။