ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသက တစ်နေရာမှာ လာရောက်တိမ်းရှောင်ကြတဲ့ ကရင်နီစစ်ရှောင်တွေဟာ တခြားနေရာကို ထပ်မံ တိမ်းရှောင်ဖို့အတွက် အမိုးအကာတွေ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီဆောင်ရွက်သူတစ်ဦးက ပြောပါတယ်။
စစ်ဘေးရှောင်တွေ စုပေါင်းနေထိုင်ကြတဲ့ အဆိုပါ နေရာမှာ ဆက်လက် နေထိုင်ခွင့်မပြုတော့တာကြောင့် ထပ်မံရွှေ့ပြောင်းဖို့ လိုအပ်နေပေမယ့် နေရာအတိအကျ မရရှိသေးဘူးလို့ ပြောပါတယ်။
“ ဒါကတော့ ၁၀ ရက်နေ့အပြီး ရွှေ့ရမယ်ဆိုတာကလေ အဲ့နေရာမှာက ဘာကိစ္စရှိလဲတော့ မသိဘူး။ သူတို့ ဘုရားပွဲရှိတယ်ဆိုလား။ ဒါပေမယ့် ရွှေ့ကို ရွှေ့ပေးရမယ်ဆိုတဲ့ အချက်အလက်က ဖြစ်နေတော့လေ။ သူတို့က အရေးပေါ် မိုးကာတို့ အကူအညီတောင်းလာကြတာပေါ့။”လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးသူ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
စစ်ဘေးရှောင်အရေးကို ကူညီဆောင်ရွက်ရာမှာလည်း လွတ်လပ်စွာ လုပ်ဆောင်လို့ မရတာကြောင့် စစ်ဘေးရှောင်အများစုက အကူအညီ လိုအပ်နေကြဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိ ရွေ့ပြောင်းဖို့ လိုအပ်တဲ့ စစ်ဘေးရှောင်တွေဟာ ကရင်နီပြည်က လွိုင်ကော်၊ ကုန်းသာ၊ နန်းမယ်ခုံဖက်ကနေ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ရှောင်တွေဖြစ်ပြီး အိမ်ထောင်စု ၁၈ စုရှိကာ လူဦးရေ ၆၀ ကျော် ရှိတယ်လို့ သိရပါတယ်။ စစ်ဘေးရှောင်တွေဟာ အာဏာသိမ်းပြီးနောက် ဒေသတွင်း တိုက်ပွဲတွေကြောင့် နီးစပ်ရာ ဒေသ ၊ မြို့နယ်တွေကို သွားရောက်တိမ်းရှောင်ရပြီး လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။
ဓါတ်ပုံ – Ru Ta