spot_img
21.4 C
Loikaw
Thursday 16, October 2025
spot_img
Homeသတင်းစတားလင်ခ့် ကုမ္ပဏီကို စစ်ဆေးမှု ပြုလုပ်နေတာကြောင့် အင်တာနက်အသုံးပြုခွင့် ရပ်တန့်သွားမှာကို စိုးရိမ်နေ

စတားလင်ခ့် ကုမ္ပဏီကို စစ်ဆေးမှု ပြုလုပ်နေတာကြောင့် အင်တာနက်အသုံးပြုခွင့် ရပ်တန့်သွားမှာကို စိုးရိမ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ထိုင်း- မြန်မာ နယ်စပ်မှာ အခြေစိုက်ထားတဲ့ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေဟာ ထိုင်းအစိုးရဘက်က လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားတဲ့ကြားကပဲ စတားလင့်ခ် အင်တာနက်ကိုသုံးပြီး ငွေကြေးလိမ်လည်တဲ့လုပ်ငန်းတွေကို ပြန်လည်လုပ်ဆောင်နေတာကြောင့် စတားလင်ခ့် ကုမ္ပဏီကို အမေရိကန်ကွန်ဂရက်မှာရှိတဲ့ ကော်မတီက စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ BBC က ဖော်ပြထားပါတယ်။

အခုလို အခြေအနေတွေကြောင့် စတားလင့်ခ် အသုံးပြုခွင့် ရပ်တန့်သွားမလား ဆိုတဲ့အပေါ်မှာ စစ်တပ်ရဲ့အင်တာနက်ဖြတ်တောက်မှုကို ခံထားရတဲ့ ကရင်နီပြည် အပါအဝင် တခြားသော နေရာဒေသမှာ နေထိုင်သူတွေက စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

စတားလင့်ခ်တွေကို ပိတ်လိုက်ခြင်းကြောင့် အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်မယ်ဆိုရင် ကောင်းမွန်တဲ့အချက်ဖြစ်နိုင်ပေမယ့် ငွေလိမ်လည်မှုလုပ်ငန်းတွေနဲ့ မသက်ဆိုင်တဲ့ ပြည်သူတွေရဲ့ လူမှုစီးပွားအတွက် စိုးရိမ်စရာရှိကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အတွင်းရေးမှုး (၂) ဆရာဗညား က အခုလို ပြောပါတယ်။

“အုပ်ချုပ်ရေး လုပ်ငန်းပဲပြောပြော လူမှုစီးပွားရေးပဲပြောပြော စစ်ဘေးရှောင်အရေးပဲ ပြောပြောပေါ့။ အခုအားလုံး နိုင်ငံတကာကို လက်လှမ်းမှီနေတာကလည်း ဒီအင်တာနက်ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီအင်တာနက်ကို အသုံးမပြုနိုင်တဲ့ အခြေအနေ အခက်အခဲဖြစ်သွားရင်တော့ ကျနော်တို့တွေရဲ့ အသိဒုက္ခတွေ နိုင်ငံတကာထိအောင် ကျနော်တို့က မမျှဝေနိင်ခြင်းဟာ ကျနော်တို့ ကြိုးစားထူထောင်နေတဲ့ လူ့အခွင့်အရေးကို အားမခံချက်ပြုတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်တဲ့နေရာမှာ အများကြီးခက်ခဲသွားစေနိုင်ပါတယ်။ နောက်အခြားတဖက်မှာကလည်း စစ်ကောင်စီအသုံးပြုနေတဲ့ အင်တာနက် တယ်လီဂရမ်တွေကနေ တဆင့် Facebook , Messager ကနေတဆင့် လူထုတွေကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေပဲ ရရှိသွားစေနိုင်တဲ့ အတွက်ကြောင့်မို့လို့ လူထုတွေကြားမှာ ပိုပြီးတော့မှ အမုန်းတရားပွားပြီးတော့မှ စိုးရိမ်ရတဲ့ လူမှုပဠိပက္ခတွေ၊ စစ်ရေးပဠိပက္ခတွေ နောက်ပြီးတော့မှ အဆုံးမသတ်နိုင်သော ကျနော်တို့ ပြည်နယ်၊ မြန်မာနိုင်ငံရဲ့ စစ်အုပ်ချုပ်မှုကို သက်ဆိုးရှည်စေသွားနိုင်တယ်”လို့ ဆရာဗညား က ပြောပါတယ်။

ပြည်သူလူထုအများစုဟာ စတားလင့်ခ်ကို အသုံးပြုနေရတာကြောင့် စတားလင့်ခ်သာ အသုံးပြုခွင့် မရတော့ရင် ကရင်နီပြည်နယ်တွင်း ဖြစ်ပွားနေတဲ့ အကြောင်းအရာတွေ၊ သတင်းအချက်အလက်တွေ ပိုမိုခက်ခဲလာနိုင်ပြီး နိုင်ငံတကာမှ အကူအညီရရှိဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ အတွက်လည်း စိန်ခေါ်မှုတွေ ပိုများလာနိုင်လာတယ်လို့ ကရင်နီပြည်တွင်း ဒေသခံတဦးက အခုလို ပြောပါတယ်။

“လက်ရှိအချိန်မှာဆိုရင် ကျနော်တို့ ကရင်နီပြည်အတွင်း ဆက်သွယ်မှုကွန်ယက် အသုံးပြုနိုင်ဖို့အတွက် စတားလင့်ခ်ဟာ အရေးပါတဲ့ရာတခု ဖြစ်တယ်။ တကယ်လို့သာ စတားလင့် အသုံးပြုခွင့် ပိတ်ပင်လိုက်မယ်ဆိုရင် ပထမဆုံး တချက်အနေနဲ့က စစ်ကော်မရှင်အတွက် သတင်းအမှောင်ချနိုင်ဖို့ အခွင့်အလမ်း ပိုကောင်းလာနိုင်ပါတယ်။” လို့ ကရင်နီဒေသခံတဦးက ပြောပါတယ်။

ကရင်နီပြည်မှာ စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကစပြီး ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေအပြင် လျှပ်စစ်မီးတွေ ဖြတ်တောက်ခံလိုက်ရပြီး စတားလင့်ခ် အင်တာနက်ကိုသာ အဓိကထား အားကိုးနေကြရဆဲ ဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ