ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင်ကပြုလုပ်မယ့် ရွေးကောက်ပွဲဟာ ယုံကြည်ရတဲ့ရလဒ် ထွက်ပေါ်လာနိုင်ခြင်းရှိမှာ မဟုတ်တဲ့အတွက် ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ကို မလွှတ်ဘူးလို့ ဥရောပသမဂ္ဂ EU ရဲ့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Kajsa Ollogren က ကြာသပတေးနေ့မှာ ပြောကြားခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။
လက်ရှိအခြေအနေအရ မြန်မာနိုင်ငံက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ အခြေအနေတွေကို မဖြည့်ဆည်းပေးနိုင်ဘူးလို့လည်း Ollogren က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ အနောက်နိုင်ငံ အများစုကလည်း လာမယ့်ရွေးကောက်ပွဲအပေါ်ကို မယုံကြည်ကြောင်းကို ရိုက်တာသတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်းနယ်မြေတွေရဲ့ ထက်ဝက်ကျော်မှာလည်း စစ်ပဋိပက္ခဖြစ်ပွားနေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ NCA ၁၀ နှစ်ပြည့် အခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေတဲ့ ကရင်နီပြည်တွင်းမှာလည်း ရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ အရပ်ဖက်အဖွဲ့အစည်းတွေက တိုက်တွန်းနှိုးဆော်နေကြပြီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ကတော့ ရွေးကောက်ပွဲဆိုတာ လူထုကိုသာ အခြေခံရမယ်လို့ ပြောပါတယ်။
“သူတို့ အထဲမှာကျန်နေတဲ့ ပါတီတွေကတော့ လှအောင်တော့ ပြောကြမှာပဲလေး။ ဒီလောက်ထိ တိုင်းပြည်ပျက်စီးနေတဲ့ကြားထဲက ဘယ်လိုလုပ် ကောင်းအောင်လုပ်နိုင်မလဲပေါ့လေး။ အခုက ထားပါတော့ တိုက်ခိုက်တဲ့သူက အင်အားစုက ပိုများနေတယ်။ ဒီအထဲမှာ ရွေးကောက်ပွဲဝင်တဲ့သူက အနည်းစုပါပဲ။ ဆိုတော့ လူထုကိုပဲ အခြေခံရမယ်လေး။ လူထုက စစ်အာဏာရှင်ကို ကြိုက်တယ်၊ မကြိုက်ဘူး။ ဒီငြိမ်းချမ်းရေးအပေါ်မှာ ယုံကြည်မှု ရှိတယ်၊ မရှိဘူးဆိုတာ အဓိက လူထုပဲ။ အပြင်ရောက်နေတဲ့လူထု၊ တိုက်ပွဲဝင်နေတဲ့ လူထုကလည်း ပိုများနေတယ်။” လို့ KNPP ရဲ့ အတွင်းရေးမှူး ၂ ခူးဒယ်နီယာန် က ပြောပါတယ်။
စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်းခွဲပြီး ကျင်းပမှာဖြစ်တဲ့အတွက် ပထမအကြိမ်ကို မြို့နယ် ၁၀၂ မြို့နယ်၊ ဒုတိယအကြိမ်ကို ၁၀၀ မြို့နယ်နဲ့ ကျန်တဲ့မြို့နယ်ကတော့ တတိယအကြိမ်မှာ ကျင်းပသွားမှာဖြစ်ပေမဲ့ ရာနှုန်းပြည့်ကျင်းပနိုင်မှာမဟုတ်ကြောင်း ပြောသွားပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်တွေကိုလည်း လာမယ့်အစိုးရနဲ့ ရွေးကောက်ပွဲကော်မရှင်တို့က ကြားဖြတ်ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာဖြည့်ဆည်းပြီး အားလုံးပြည့်စုံအောင် လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောထားပါတယ်။
မြန်မာနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အင်အားကြီးနိုင်ငံနှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အန္ဒိယ တို့ကတော့ စစ်ကော်မရှင်ကျင်းပမယ့်ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောကြားသွားခဲ့ပါတယ်။