ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်း၊ ခေါက်ပလော့ကျေးရွာက ပြည်သူနေအိမ်တချို့ကို စစ်ကော်မရှင်တပ်က အောက်တိုဘာလ ၂၉ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
“မနေ့ညကတော့ ခေါက်ပလော့မှာရှိတဲ့ ေ-ွးတွေ(စစ်ကော်မရှင်တပ်သားတွေ) အိမ် မီးထပ်ရှို့ ခဲ့ပါတယ်။”လို့ DMO Local PDF တပ်ရင်း (၂) ရဲ့ တပ်ဖွဲ့ဝင်တစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောဆိုထားပါတယ်။
ယခုရက်ပိုင်း ခေါက်ပလော့ကျေးရွာမှာ စစ်ကော်မရှင်တပ်သားတွေက ဝင်ရောက်တပ်စွဲနေပြီး နေအိမ်တွေကို မီးရှို့တာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြေပြင်မှာ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လူထုရှိတဲ့ ကျေးရွာဘက်ကို လက်နက်ကြီးတွေနဲ့ မကြာခဏ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာနဲ့ ခေါက်ပလော့ကျေးရွာမှာ အောက်တိုဘာလနောက်ဆုံးပတ်အတွင်း ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား မရှိပေမယ့် စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ စစ်ကော်မရှင်ရဲ့ ဒရုန်းကြောင့် ဥခူရီကျေးရွာမှာ ကောက်ရိတ်သိမ်းနေတဲ့ အရပ်သားပြည်သူတစ်ဦး ဗုံးထိမှန်သေဆုံးခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ယခု သီးနှံရိတ်သိမ်းကာလအတွင်း ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်တို့မှာ ဒရုန်းအသုံးပြုပြီး ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် တိုက်ပွဲဧရိယာနဲ့နီးစပ်တဲ့ နေရာတွေမှာ လုံခြုံရေး သတိရှိကြဖို့ ၊ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ညွှန်ကြားချက်အတိုင်း လိုက်နာကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်တွန်းထားပါတယ်။
အောက်တိုဘာလ နောက်ဆုံးအပတ်အထိ ကရင်နီပြည်က ဒီးမော့ဆိုမြို့နယ်အပြင် လွိုင်ကော် ၊ ဖရူဆို၊ ပင်လောင်း- ဖယ်ခုံနယ်စပ် ၊ ဘောလခဲ စစ်မျက်နှာတွေမှာ စစ်ကော်မရှင်တပ်က ဆက်လက် စစ်ကြောင်းထိုးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။




