spot_img
24.2 C
Loikaw
Thursday 13, November 2025
spot_img
Homeဆောင်းပါးထပ်ဆင့်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယင်းတလဲ အမျိုးသမီး ဒေါ်စန်းစန်းနွယ်

ထပ်ဆင့်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယင်းတလဲ အမျိုးသမီး ဒေါ်စန်းစန်းနွယ်

-

ထွေးရယ်/ကန္တာရဝတီတိုင်း(မ်)

“အခုထိ ယူကြုံးမရဖြစ်နေတုန်းပဲ၊ ကျွန်မ ကလေးကို ဒီလောက်ထိ (၁၁) လ လုံးလုံး ထိကို ပြုစုပျိုးထောင်လာပြီးမှ ဆုံးရှုံးရတယ်ဆိုတော့ တော်တော်လေး ယခုထိ နာကျင်တုန်းပဲ”

နိုင်ငံရေး မတည်ငြိမ်မှုကြောင့် နေအိမ်တွေကို စွန့်ခွာပြီး တောထဲတောင်ထဲမှာ ပုန်းရှောင်ရင်းမှာဘဲ အသက် ၄၀ အရွယ်ရှိတဲ့ ဒေါ်စန်းစန်းနွယ်တယောက် သူမ ဝမ်းနဲ့လွယ်ပြီး မွေးခဲ့ရတဲ့ ၁၁ လသား အရွယ် သမီးငယ်လေးရဲ့ အသက်ကို ဆုံးရှုံးလိုက်ရပါတယ်။ အခုချိန်မှာ သူမရဲ့ သမီးငယ်လေးဆုံးသွားတာ ၉ လဝန်းကျင်ကြာရှိနေပြီဆိုပေမဲ့ ဒီနေ့အချိန်ထိ သမီးလေးကို လွမ်းဆွတ်သတိရစိတ်တွေ အမြဲရှိနေပါတယ်။

“ကျွန်မတို့ရွာကနေ စထွက်ပြေးတော့ တောထဲမှာ ကျွန်မကလေးဆို နှစ်လကျော်ပဲ ရှိသေးတယ်၊ ” လို့ ဒေါ်စန်းစန်းနွယ်တို့ စတင်ထွက်ပြေးခဲ့စဉ်က အကြောင်းကိုပြောပြပါတယ်။

သူဟာ ကရင်နီပြည် သံလွင်အရှေ့ဘက်ကမ်း စစ်ရှောင်စခန်း တနေရာမှာ စစ်ရှောင်နေပါတယ်။ သူ့မရဲ့ နေအိမ်ကို စွန့်ခွာပြီး စစ်ရှောင်နေတာဟာ (၂) နှစ်ကျော် ရှိသွားပါပြီ။ ဒီ (၂) နှစ်ကျော်ကာလ အတွင်းမှာတော့ သူ့အတွက် ဘဝမှာ တခါမှ မကြုံဖူးသေးတဲ့ အကြီးမားဆုံးသော စိန်ခေါ်မှုကြီးနဲ့ ရင်ဆိုင်နေရတာပါ။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက တောတောင်ထဲမှာ ပြေးလွှားရင်းနဲ့ အလွန်နုနယ်သေးတဲ့ သမီးငယ်ဟာ စစ်ကော်မရှင်တပ်တွေပေးတဲ့ ဒုက္ခပင်လယ်ကြီးကို ခံနိုင်ရည် သူ့မှာ မရှိသေးပါဘူး။ ဒေါ်စန်းစန်းနွယ် တယောက် တောထဲကို စတင်ရောက်ရှိလာတဲ့ အချိန်မှာ သမီးငယ်လေးဟာ ၂ လသားပဲ ရှိနေပါသေးတယ်။ လုံလောက်တဲ့ အာဟာရဓာတ်နဲ့ ကျန်းမာရေးကုသမှုတွေ မရရှိခဲ့တာကြောင့် ၁၁ လသားအရွယ်မှာပဲ မွေးမိခင်ကို ကျော်ခိုင်းသွားခဲ့တာကြောင့် မိခင် ဖြစ်သူ ဒေါ်စန်းစန်းနွယ် ဟာ ယခုထိတိုင် ယူကြုံးမရ ဖြစ်နေသေးတာပါ။

လက်ရှိမှာတော့ သူမက နောက်ထပ် ရင်သွေးငယ်လေးတယောက်ကို မွေးဖွားဖို့အတွက် ကိုယ်ဝန်ရင့်မာနဲ့ ဖြစ်နေပါပြီ။ စစ်ဘေးကြောင့် ရင်သွေးငယ်လေးကို ဆုံးရှုံးခဲ့ရဖူးတာကြောင့် နောက်ထပ်မွေးလာမယ့် ရင်သွေးလေးအတွက် ပူပန်နေရပါတယ်။

မိမိနေရပ် မဟုတ်တဲ့ ဒေသတခုမှာ စစ်ရှောင်အဖြစ်နေထိုင်ကြရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အာဟာရပြည့်ဝအောင် မစားသုံးနိုင်တာ၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရကြတာကြောင့် မွေးလာမယ့်ရင်သွေးငယ်တွေအတွက် စိုးရိမ်နေကြရပါတယ်။

ဒေါ်စန်းစန်းနွယ်က ကရင်နီပြည် ဘောလခဲမြို့နယ်၊ ဝမ်အောင်းကျေးရွာမှာ နေထိုင်ခဲ့တဲ့ ယင်းတလဲ လူမျိုး တဦး ဖြစ်ပါတယ်။ စစ်တပ် အာဏာသိမ်းယူမှုကြောင့် မိမိကျေးရွာမှာ ဆက်လက်နေထိုင်လို့ မရတော့သလို၊ စစ်ကောင်စီ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် နွေးထွေးတဲ့ မိသားစု အိမ်လေးဟာလည်း မီးလောင်ပျက်စီး ခဲ့ရပါတယ်။

“နဂိုက ယင်းတလဲလူမျိုးစု ဆိုတာ လူနည်းစုပဲလေး၊ ဒီအာဏာသိမ်းလိုက်တော့ ဒီယင်းတလဲ မျိုးဆက်သစ် လူငယ်တွေကတော့ တော်တော်ကျဆုံးတာများတယ်။ အခုဆို လူငယ်ကမရှိသလောက်ပဲ မရှိတော့ဘူးလေး။ ဒီအာဏာရှင်စနစ်က တအားကြီးကိုဆိုးတယ်”လို့ ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

စစ်တပ်သာ အာဏာ မသိမ်းခဲ့ရင် သူမတို့ရဲ့ နွေးထွေးတဲ့ မိသားစုနေအိမ်ကလေးဟာလည်း ပျက်စီးသွားမှာ မဟုတ်သလို သူမရဲ့ ရင်သွေးလေးကိုလည်း ဆုံးရှုံးရမှာ မဟုတ်ပါဘူး။

စစ်အာဏာရှင်ကြောင့် ပြေးလွှားရင်း ဆေးကုသမှု လုံလုံလောက်လောက် မရရှိခဲ့တာကြောင့် သွေးသားကို ဆုံးရှုံးခဲ့ရလို့ သူ့ရဲ့ နာကျည်းမှုကို အခုလိုပဲ ရင်ဖွင့်လာပါတယ်။

အဟာပြည့်ဝစွာမရတာ၊ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရလို့ သေဆုံးသွားတဲ့ ၁၁လအရွယ် သမီးငယ်အကြောင်း ပြန်ပြောင်းပြောပြနေတဲ့ ကိုယ်ဝန်သည် ဒေါ်စန်းစန်းနွယ်

“ နိုင်ငံရေးသာကောင်းခဲ့မယ်ဆိုရင် ကလေးကလည်း အဲလောက်ထိဖြစ်မှာ မဟုတ်ဘူးလေးနော။ ဘာလို့ဆို ကျန်းမာရေး ကုသမှုကလည်း နီးနီးနားနားမရှိတော့ တခုခု ဖြစ်ပြီဆို အမြန်ဆုံးသွားရောက် ကုသလို့ရတယ်လေ။ အခုကျတော့ ကျွန်မတို့က ကလေးက နာမကျန်း ဖြစ်ပြီ။ ဒါပေမဲ့ ကျွန်မတို့ မှာဆိုင်ကယ်မရှိ ။ သွားဖို့လာဖို့ကလည်း တအားခက်ခဲတယ်။ အဲကြောင့်မို့ ကလေးကအချိန်မီကုသပေး ရမယ့်ဟာကို မကုသနိုင်ခဲ့ဘူးလေး” လို့ မျက်ဝန်းမှာ မျက်ရည်တွေဝဲနေရင်း ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်စန်းစန်းနွယ် တယောက် ကိုယ်ဝန်အရင့်အမာကြီးနဲ့ သံလွင် အရှေ့ဘက်ကမ်း စစ်ရှောင်စခန်း တနေရာမှာ ဆက်လက်နေထိုင်နေပြီး လောကဓံရဲ့ စိန်ခေါ်မှုတွေကို ဆက်လက် ရင်ဆိုင်နေပါတယ်။

“ဘာတခုမှမပါဘူး။ အဝတ်အစားတော့ နည်းနည်းပါးပါး လောက်ဘဲပေါ့။ ဒီအခြေအနေထိရောက်မယ် လို့လည်း မထင်ထားဘူးလေး။ အဲကြောင့်မို့ မယူလာရဘူး ၊ စောင်တွေ ပန်းကန်လေးတွေလည်း မယူလာရဘူး ။ တောထဲမှာ ဖက်ရွက်တွေ ၊ ဘာတွေနဲ့ပဲ အရင်တုန်းက အဲသလိုပဲ စားကြတယ်ကော အဲသလိုမျိုးပဲ စားမယ်ဆိုပြီးမှ မယူလာမိတာ” လို့ ဒေါ်စန်းစန်းနွယ်ကပြောပါတယ်။

လက်ရှိမှာတော့ ဒေါ်စန်းစန်းနွယ်တို့ စစ်ရှောင်စခန်းမှာနေထိုင်းရင် အလှူရှင်ကို မှီခိုပြီးစားသောက်နေရသလို၊ နှမ်း စိုက်ပျိုးခြင်းလုပ်ငန်းကို တနိုင်တပိုင် လုပ်ကိုင်ပါတယ်။ ဒါပေမဲ့လည်း စစ်ကော်မရှင်တပ်တွေရဲ့ ခြိမ်းခြောက်မှုကနေ မလွတ်ကင်းနိုင်သေးပါဘူး။

“နှမ်းခုတ်တဲ့ချိန်လည်း လေယာဉ်လာကြဲတယ်။ အစဆို တောင်ယာထိရောက်တယ်လေး။ အဲမျိုးပြေးလွှားလိုက် ပြန်လာလုပ်လိုက် အသက်နဲ့ ရင်းပြီးတော့ အဲမျိုးရှာစားနေရတယ်” လို့ ဒေါ်စန်းစန်းနွယ်ကပြောပါတယ်။

ဒေါ်စန်းစန်းနွယ်ဟာ တဖက်မှာကလည်း ကိုယ်ဝန်နဲ့၊ တဖက်မှာကလည်း ဆက်လက်ရှင်သန်နိုင်ဖို့အတွက် ဝမ်းစာ ရှာဖွေနေရပြန်ပါတယ်။ သူတို့နေထိုင်ရာ စစ်ရှောင်စခန်း အနီးအနားမှာ စိုက်ပျိုးစရာ ခြံမြေကွက်မရှိတာကြောင့် အဝေးတနေရာမှာ သွားရောက် စိုက်ပျိုးကြရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက သူတို့ စိုက်ပျိုးထားတဲ့ နှမ်းတွေဟာ ရေကြီးမှု ပြဿနာနဲ့ကြုံတွေ့ ခဲ့ရပြီး ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒေါ်စန်းစန်းနွယ် တို့ လင်မယားနှစ်ယောက်မှာတော့ လက်လျှော့လိုက်ချင်ပေမဲ့လည်း စားဝတ်နေရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် နှမ်းစိုက်ပျိုးတာက တခုတည်းသော နည်းလမ်းသာ ဖြစ်နေပါတယ်။

“ကျွန်မတို့ ဒီမှာ (စစ်ရှောင်စခန်း) တပတ်ကျော်ကျော်ပဲ လာနေသေးတယ်။ ကျွန်မတောင်ယာ တဲကိုလည်း တခါ လေယာဉ်လာကြဲတာ ထပ်ပါသွားပြန်ရော ။ ပစ္စည်းတွေလည်း ထပ်ရှုံး၊ နှမ်းအမျိုးတွေရော အကုန်လုံးရှုံးသွားတယ်။” လို့ ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

၂၀၂၅ ရဲ့ အောက်တိုဘာလ ထဲမှာပဲ ဒေါ်စန်းစန်းနွယ်တို့ရဲ့ တောင်ယာခင်းထဲက တောင်ယာတဲဟာ စစ်ကော်မရှင်ရဲ့ လေယာဉ်ဗုံးကြောင့် ပျက်စီးခဲ့တာပါ။ အဲဒီပျက်စီးသွားတဲ့ တောင်ယာတဲထဲမှာ ဒေါ်စန်းစန်းနွယ်တို့ အသက်နဲ့ရင်းပြီးပြန်လည်စိုက်ပျိုးထားတဲ့ နှမ်းတွေအပြင် နောက်နှစ်အတွက် စိုက်ပျိုးဖို့ သိုလှောင်ထားတဲ့ နှမ်းမျိုးစေ့တွေလည်း ပါသွားပါတယ်။

အလှူရှင်ကို မှီခိုနေရတဲ့ စစ်ရှောင်တွေရဲ့ ဘဝ၊ စားဝတ်နေရေးကို အထောက်အကူဖြစ်အောင် တပိုင်တနိုင်ဝင်ငွေရရှိရေး လုပ်ဆောင်နေတဲ့အိပ်မက်တွေ ပျောက်ပျက်သွားရပါပြီ။

ကိုယ်ဝန်ရင့်မာကြီးကို လွယ်ထားရတဲ့ ဒေါ်စန်းစန်းနွယ် တယောက်မှာတော့ မွေးလာမယ့် ရင်သွေးလေးတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေသလို၊ တဖက်မှာလည်း ဆုံးရှုံးမှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်နေရတာကြောင့် ကောင်းမွန်စွာ အိပ်စက် အနားယူနိုင်ခဲ့တဲ့ ညတွေ မရှိသလောက်ကို ဖြစ်နေပါတယ်။ စစ်ကြောင့် ဒီလိုဆုံးရှုံးမှုတွေ နဲ့ ထပ်မံပြီး မကြုံချင်တော့သလို ငြိမ်းချမ်းမှုကို အမြန်ဆုံးလိုချင်ကြောင်း ဒေါ်စန်းစန်းနွယ်က ပြောပါတယ်။

“ဒီလိုမျိုးတွေ စစ် တွေ မဖြစ်ချင်‌တော့ဘူး။ ကိုယ့်အိုး ကိုယ့်အိမ် ကိုယ့်ရွာမှာ အလုပ်နဲ့ အေးဆေးပြန်ပြီးတော့ လုပ်ကိုင်ချင်ပြီ”လို့ ဒေါ်စန်းစန်းနွယ်ကပြောပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ