ကန္တာရဝတီတိုင်း(မ်)
ပစိဖိတ်သမုဒ္ဒရာအတွင်း ဖြစ်ပေါ်နေတဲ့ အယ်လ်နီညို (El Niño) ရာသီဥတုဖြစ်စဉ်ဟာ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြင်းထန်တဲ့အခြေအနေအထိ ရောက်ရှိလာနိုင်ပြီး ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ ဆက်ရှိနေနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ (WMO) က ခန့်မှန်းထားပါတယ်။ WMO ရဲ့ စက်တင်ဘာလ ထုတ်ပြန်ချက်အရ ဒီဖြစ်စဉ်ကြောင့် ကမ္ဘာ့ဒေသအချို့မှာ အပူချိန်မြင့်တက်တာ၊ မိုးခေါင်တာနဲ့ မိုးရွာသွန်းမှုပုံစံ မမှန်တာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။
စစ်ရေးပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်က တောင်သူတွေအတွက်တော့ ရာသီဥတု အခက်အခဲတွေဟာ အခုမှ စတင်ကြုံတွေ့ရတာ မဟုတ်ပါဘူး။ ၂၀၂၁ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာခဲ့ရသူတွေဟာ စိုက်ပျိုးမြေမရှိတာ၊ ရေရှားပါးတာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမမီတာတွေကို ရင်ဆိုင်နေရသလို စိုက်ပျိုးရေးလုပ်ငန်းကနေ ရရှိတဲ့ဝင်ငွေနဲ့ မိသားစုစားဝတ်နေရေးကိုလည်း ဖြေရှင်းနေကြရပါတယ်။
ရာသီဥတုကို အဓိကမှီခိုပြီး စိုက်ပျိုးလုပ်ကိုင်နေရတဲ့ သူတို့အတွက် စစ်ရေးပဋိပက္ခနဲ့ ရာသီဥတု မမှန်မှုကို တပြိုင်နက်ရင်ဆိုင်ရတာကြောင့် အခက်အခဲတွေ ပိုများလာပါတယ်။ ဒါ့အပြင် သီးနှံအထွက်နှုန်း ကျဆင်းတာတင်မကဘဲ ထွက်ရှိလာတဲ့ သီးနှံတွေကို အပြင်ဈေးကွက်အထိ သယ်ယူရောင်းချဖို့ အခက်အခဲရှိနေပါတယ်။
ဒီးမော့ဆို(ရှေ့ ) မြို့နယ်က စစ်ဘေးရှောင်ရင်း စိုက်ပျိုးရေးလုပ်ကိုင်နေတဲ့ ဦးဘော်ရယ်ကတော့ ဒီနှစ် စိုက်ပျိုးရေးကနေ ရရှိမယ့်ဝင်ငွေဟာ မိသားစုစားဝတ်နေရေးအတွက်တောင် မလုံလောက်နိုင်တော့ဘူးလို့ ပြောပါတယ်။
“ကျနော်တို့ စားဝတ်နေရေးအတွက် ထိခိုက်တယ်။ အလုပ်လုပ်ရင်းနဲ့ အကြွေးတွေ ဆပ်ရတာက တမျိုး၊ စပါးတွေကို ရောင်းမယ်ဆိုရင်လည်း ကျနော်တို့ စားစရာ မရှိတော့မှာကို စိုးရိမ်တယ်” လို့ ဦးဘော်ရယ် က ပြောပါတယ်။

ဦးဘော်ရယ်တို့လို တောင်သူတွေအတွက် သီးနှံအထွက်နှုန်း ကျဆင်းတာတခုတည်းက အခက်အခဲ မဟုတ်ပါဘူး။ ထွက်ရှိလာတဲ့ သီးနှံတွေကို ရောင်းချဖို့လည်း အခက်အခဲရှိနေပါတယ်။ စစ်ရေးပဋိပက္ခကြောင့် လမ်းကြောင်းတွေ ပိတ်ဆို့နေတဲ့အတွက် တောင်သူတွေကိုယ်တိုင် အပြင်ဈေးကွက်အထိ သီးနှံသယ်ယူရောင်းချဖို့ မလွယ်ကူသလို ပွဲစားတွေကလည်း သင့်တော်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူပေးနိုင်ဖို့ အခက်အခဲရှိနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
“ဘာကြောင့် မဝယ်ပေးနိုင်သလဲဆိုရင် လမ်းခရီးပိတ်ဆို့မှုတွေကြောင့် စပါးတွေကို အပြင်ကို ထုတ်လို့မရဘူး” လို့ စပါးကုန်သည်တဦးက ရှင်းပြပါတယ်။
ဒီးမော့ဆို(ရှေ့ ) မြို့နယ်က ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေဟာ မိသားစုစားဝတ်နေရေးအတွက် စပါးနဲ့ နှမ်းကို အဓိကစိုက်ပျိုးကြပြီး တခြားသီးနှံတွေကိုလည်း အနည်းငယ် စိုက်ပျိုးကြပါတယ်။ တောင်သူတွေရဲ့ ခန့်မှန်းချက်အရ ဒီနှစ်မှာ စပါးစိုက်ပျိုးစရိတ်ဟာ တဧကကို အနည်းဆုံး ကျပ် ၅ သိန်း ဝန်းကျင် ရှိပါတယ်။ ဒီလို အရင်းအနှီးထည့်ဝင်ထားရတဲ့အပြင် ရာသီဥတုမမှန်မှုကြောင့် အထွက်နှုန်း ကျဆင်းတာ၊ စစ်ရေးအခြေအနေကြောင့် ဈေးကွက်အတွင်း သီးနှံသယ်ပို့ရောင်းချဖို့ ခက်ခဲတာတွေကိုပါ တပြိုင်နက် ကြုံတွေ့နေရတာပါ။
ဒီလိုဝင်ငွေမရရှိတဲ့အခါ မိသားစုစားဝတ်နေရေးတင်မကဘဲ ကျန်းမာရေးနဲ့ သားသမီးတွေရဲ့ ပညာရေး အပေါ်မှာပါ ထိခိုက်မှုတွေ ရှိလာတယ်လို့ ဦးဘော်ရယ် က ပြောပါတယ်။
“ကျန်းမာရေးကလည်း အခက်အခဲရှိတယ်။ ကျနော်တို့ သားသမီးပညာရေးကိုလည်း ဆုံးခန်းတိုင်အောင် မထားပေးနိုင်ဘူး။ တနှစ်ပြီးတနှစ် ပိုပိုပြီး ခက်ခဲလာတယ်” လို့ သူက ပြောပါတယ်။
ဒီးမော့ဆို(ရှေ့ ) မြို့နယ်က တောင်သူတွေဟာ သီးနှံအထွက်နှုန်းနဲ့ ဈေးကွက်အခက်အခဲတွေကို ရင်ဆိုင်နေရသလို အလားတူပဲ ဖရူဆိုမြို့နယ်အနောက်ခြမ်းက တောင်သူအများစုလည်း ဒီနှစ် စပါးရိတ်သိမ်းချိန်မှာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် စပါးပျက်စီးဆုံးရှုံးတာတွေကို ကြုံတွေ့ခဲ့ရပါတယ်။

ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ဒေသခံတွေကလည်း စိုက်ပျိုးရေးကို အဓိကထားပြီး အသက်မွေးဝမ်းကျောင်း ပြုနေကြရပါတယ်။ ဒါပေမဲ့ စစ်ဘေးရှောင်နေရတဲ့ အခြေအနေကြောင့် ကိုယ်ပိုင်စိုက်ပျိုးမြေမရှိတဲ့ မိသားစုတွေလည်း ရှိနေပါတယ်။ အဲဒီမိသားစုတွေဟာ နီးစပ်ရာ ဆွေမျိုးတွေဆီက လယ်မြေရယူတာ၊ မြေငှားစိုက်ပျိုးတာနဲ့ လူမှုအသင်းအဖွဲ့တွေရဲ့ အကူအညီကို ရယူပြီး မိသားစုစားဝတ်နေရေးအတွက် ကြိုးစားနေကြရတာပါ။
ဦးဘျားရယ်က ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ စစ်ဘေးရှောင်နေတဲ့ တောင်သူတဦးပါ။ သူဟာ စစ်ဘေးရှောင်တဲ့နေရာမှာ စိုက်ပျိုးမြေ ပိုင်ဆိုင်ထားတာ မရှိပါဘူး။ ဒီနှစ်မှာတော့ စပါး ၃ ဧက ဝန်းကျင်ကို လူမှုအသင်းအဖွဲ့တွေရဲ့ အကူအညီနဲ့ စိုက်ပျိုးခဲ့ပြီး စပါးရိတ်သိမ်းချိန်မှာ မိုးရွာသွန်းမှုကြောင့် မျှော်မှန်းထားသလောက် အထွက်နှုန်းမရရှိခဲ့ဘူးလို့ ပြောပါတယ်။ မိသားစုတရာသီစာ စားသုံးဖို့နဲ့ သားသမီးတွေရဲ့ ကျောင်းစရိတ်အတွက် ရည်ရွယ်ထားပေမဲ့ စပါးအများအပြား ပျက်စီးဆုံးရှုံးခဲ့ရတာပါ။
“အကုန်ပျက်သွားတယ်လေး။ အမှန်ဆို ၄ လှည်း၊ ၅ လှည်း ရရမှာ။ အခုက ၁ လှည်းခွဲတောင် ကောင်းကောင်းမပြည့်တော့ဘူး” လို့ ဦးဘျားရယ် က ပြောပါတယ်။
ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ပထမပတ်ကစပြီး ၁၀ ရက်ကျော်ကြာ မိုးရွာသွန်းခဲ့တယ်လို့ ဦးဘျားရယ် က ပြောပါတယ်။ အဲဒီအချိန်ဟာ စပါးတွေ ရင့်မှည့်ပြီး ရိတ်သိမ်းနေတဲ့ကာလနဲ့ တိုက်ဆိုင်နေခဲ့တာကြောင့် ရိတ်သိမ်းပြီးသား စပါးတွေ မိုးရေစိုကုန်သလို မရိတ်သိမ်းရသေးတဲ့ စပါးခင်းတွေလည်း လေဒဏ်၊ မိုးဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပါတယ်။
မိုးရေစိုသွားတဲ့ တောင်သူတွေရဲ့ စပါးတွေမှာ အရည်အသွေးကျဆင်းတာ၊ အပင်ပြန်ပေါက်တာနဲ့ မှိုတက်တာတွေ ဖြစ်ပွားနေတယ်လို့ ဦးဘျားရယ် က ပြောပြပါတယ်။ တချို့စပါးခင်းတွေဆိုရင် ရိတ်သိမ်းစရိတ်တောင် မကာမိတော့တာကြောင့် ဆက်လက်ရိတ်သိမ်းဖို့ လက်လွှတ်လိုက်ရတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ ဦးဘျားရယ်က ဖရူဆိုမြို့နယ် အနောက်ခြမ်းက တောင်သူတွေရဲ့ အခြေအနေတွေကို ရှင်းပြပါတယ်။
လက်ရှိမှာတော့ နေရောင်ပြန်ရလာတာကြောင့် မိုးရေစိုထားတဲ့ စပါးတွေကို ပြန်လှန်းနေကြပါတယ်။ ဒါပေမဲ့ စပါးတချို့မှာ မှိုတက်နေတဲ့အတွက် စားသုံးလို့ရနိုင်ပါ့မလားဆိုပြီး စိုးရိမ်နေကြရတယ်လို့ တောင်သူတွေက ပြောပါတယ်။
“စပါးရိတ်ပြီးပြီ။ အဲဒါ မိုးအကြီး နှစ်ခါရွာလိုက်တော့ မထူးဘူးဆိုပြီး သယ်ပြန်လိုက်တာ။ သယ်ပြန်ပြီး မိုးစိုနေတာကို စက်နဲ့ခြွေလိုက်တယ်။ ခြွေပြီးတော့လည်း မိုးတပတ်လောက် ထပ်ရွာလိုက်တော့ သယ်မရ၊ စက်လည်း သွားမရ ဖြစ်သွားတာ” လို့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက နောက်ထပ် စပါးစိုက်တောင်သူတဦးက ပြောပါတယ်။
စစ်ဘေးရှောင်နေရတဲ့ ဖရူဆိုမြို့နယ်အနောက်ခြမ်းက တောင်သူတွေအတွက် စိုက်ပျိုးမြေရရှိဖို့နဲ့ လယ်ယာလုပ်ငန်းခွင်မှာ လုပ်သားရရှိဖို့လည်း အခက်အခဲရှိနေပါတယ်။ စစ်ရေးအန္တရာယ်ကြားမှာ ကိုယ်တိုင်လုပ်ကိုင်နေရပြီး အခြားသူတွေကို လုပ်အားခပေးခေါ်ဖို့တောင် မလွယ်ကူဘူးလို့ တောင်သူတဦးက ပြောပါတယ်။
“လယ်လုပ်တာ ကိုယ်တိုင်လုပ်နေရတာ။ သူများကို ခေါ်သွားလည်း သူများ မလိုက်ရဲဘူး။ အန္တရာယ်ကြားကနေ လုပ်နေရတော့ ခက်ခဲတယ်” လို့ အဆိုပါ တောင်သူက ပြောပါတယ်။

လက်ရှိမှာတော့ တောင်သူတွေရဲ့ ပြောပြချက်အရ ဖရူဆိုမြို့နယ်အနောက်ခြမ်းမှာ စပါးတလှည်းကို ကျပ် ၇ သိန်း ဝန်းကျင် ရရှိနိုင်ပြီး လယ်ယာလုပ်ငန်းခွင်မှာ လူငှားရမ်းခကတော့ တဦးကို တရက် ကျပ် ၂ သောင်းကနေ ၃ သောင်းဝန်းကျင် ရှိနေပါတယ်။ စိုက်ပျိုးစရိတ်နဲ့ လုပ်အားခတွေ ကုန်ကျထားတဲ့အပြင် ရာသီဥတုကြောင့် စပါးအထွက်နှုန်းနဲ့ အရည်အသွေးပါ ထိခိုက်ခဲ့တာကြောင့် မိသားစုအတွက် မျှော်မှန်းထားတဲ့ ဝင်ငွေတွေ ဆုံးရှုံးခဲ့ရပါတယ်။
ကမ္ဘာ့မိုးလေဝသအဖွဲ့က အယ်လ်နီညိုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတိပေးထားပေမဲ့ ဒီဖြစ်စဉ်က ကရင်နီပြည်ရဲ့ ရာသီဥတုအပေါ် ဘယ်လိုတိုက်ရိုက်သက်ရောက်မှုရှိလာမယ်ဆိုတာကိုတော့ တိတိကျကျ မဖော်ပြနိုင်သေးပါဘူး။ ဒါပေမဲ့ လက်ရှိမှာ အပူချိန်မြင့်တက်တာနဲ့ မိုးရွာသွန်းမှုပုံစံ ပြောင်းလဲတာတွေ ဖြစ်ပေါ်လာနိုင်တဲ့အခြေအနေမှာ စိုက်ပျိုးရေးကို အဓိကမှီခိုနေရတဲ့ တောင်သူတွေအတွက် ရာသီဥတုအန္တရာယ်တွေဟာ စိုးရိမ်စရာတခု ဖြစ်နေပါတယ်။
စစ်ရေးပဋိပက္ခကြောင့် စိုက်ပျိုးမြေနေရာရရှိမှု နဲ့ ဈေးကွက်လက်လှမ်းမီမှု အခက်အခဲတွေကို တပြိုင်နက်တည်းရင်ဆိုင်နေရတဲ့ ကရင်နီတောင်သူတွေအတွက် ရာသီဥတုမမှန်မှုကြောင့် သီးနှံအထွက်နှုန်းနဲ့ ဝင်ငွေ ထပ်မံကျဆင်းလာရင် မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးနဲ့ သား၊ သမီးတွေရဲ့ ပညာရေးအပေါ် သက်ရောက်မှုတွေ ပိုမိုကြီးမားလာနိုင်တယ်လို့ တောင်သူတွေက ပြောပါတယ်။








