ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံ တစ်ဝှမ်းမှာ တစ်ပတ်အတွင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ပြီး လက်ရှိမှာလည်း မိုးစပါးရိတ်သိမ်းချိန် ဖြစ်နေတာကြောင့် အဖျက်မိုး အဖြစ် ကြုံတွေ့နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အသိပေးထားပါတယ်။
ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ မိုးရွာသွန်းမယ်လို့ ဆိုထားပါတယ်။
တစ်ပတ်အတွင်း ဘင်္ဂလားပင်လယ်အော် အခြေအနေမှာလည်း ကပ္ပလီပင်လယ်ပြင် နဲ့ ဘင်္ဂလား ပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နိုင်သလို ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာ လေဖိအားနည်းရပ်ဝန်း တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းကြောင့် ကရင်နီပြည်အပါအဝင် နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်တယ်လို့ NUG အသိပေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ကရင်နီပြည်မှာလည်း အချိန်အခါမဟုတ် မိုးရွာနေဆဲပဲလို့ ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အရှေ့တရက်က ရွာတော့မရွာဘူး။ နည်းနည်းတော့ရွာတယ်။ ဒါပေမဲ့ ဒီရက်ကျတော့ ရွာတယ် ဒီမနက်က။ ပြီးရင် မိုးအုံ့နေတယ်။ အရှေ့တရက်ကော ဒီရက်ကောပဲ။” လို့ ကရင်နီ ဒေသခံ အမျိုးသမီး တစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိမှာ စပါးရိတ်သိမ်းနေဆဲ ပြည်သူတချို့ရှိတာကြောင့် အချိန်အခါမဟုတ် မိုးဆက်လက်ရွာတာဟာ တောင်သူအတွက် အဆင်မပြေဘူးလို့ နောက်ထပ် ကရင်နီ ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။
“ဒီမှာလည်းမိုးဖွဲ့တယ်။ အခုက မိုးစပါးက ရိတ်သိမ်းနေဆဲ တချို့ရှိတယ်လေ။ မိုးဆက်ရွာရင်တော့ စပါးပုတ်တာတို့တော့ အဆင်မပြေလောက်ဘူး။”လို့ သူက ဆိုပါတယ်။
အလားတူ ကရင်နီပြည်နဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံမှာလည်း နိုဝင်ဘာလ ၁၇ ရက်ကနေ လာမည့် နိုဝင်ဘာလ ၂၃ ရက်နေ့အထိ တစ်ပတ်အတွင်း အအေးလိုင်းဖြတ်တာ၊ ထိုင်းတောင်ပိုင်း တချို့နေရာမှာ မိုးကြီးတာ၊တောင်ကျရေ ကျတာတွေပါ ဖြစ်ပေါ်လာနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက အသိပေးထားပါတယ်။




