spot_img
29.1 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းနိုင်ငံရေးချဉ်းကပ်မှုကို ပိုပြီးအားစိုက်ဖို့ ပြင်ဆင်လိုတာကြောင့် NUCC ကနေ ယာယီရပ်ဆိုင်း လိုက်တယ်လို့ KNPP ဆို

နိုင်ငံရေးချဉ်းကပ်မှုကို ပိုပြီးအားစိုက်ဖို့ ပြင်ဆင်လိုတာကြောင့် NUCC ကနေ ယာယီရပ်ဆိုင်း လိုက်တယ်လို့ KNPP ဆို

-

ကန္တာရဝတီတိုင်း ( မ် )

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ကနေ ယာယီရပ်ဆိုင်းစာ တင်ထားတာဟာ မိမိတို့အနေနဲ့ နိုင်ငံရေးချဉ်းကပ်မှုကို ပိုပြီးအားစိုက် ပြင်ဆင်လိုခြင်း ဖြစ်တယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အတွင်းရေးမှူး- ၁ ဦးအောင်ဆန်းမြင့်က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ အဖွဲ့ဝင်အဖြစ်ပါဝင်မှုကနေ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အပါဝင် ကရင်အမျိုးသားအစည်းအရုံး(KNU) တို့က ယာယီရပ်ဆိုင်းစာကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က တင်ထားတာပါ။

“ကျနော်တို့က NUCC ထဲစပြီး ဖွဲ့စည်းကတည်းက ပါလာတဲ့အဖွဲ့အစည်းဖြစ်တယ်လေ။ ဒါပေမယ့် အခုက ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေးအတွက် နိုင်ငံရေးချဉ်းကပ်မှု နည်းနည်းလေးပေါ့လေ ပိုပြီးတော့ ထိရောက်အောင် လုပ်စေချင်တဲ့သဘောပါ။ အဓိကကတော့ NUCC ကို ကျနော်တို့ Reforms ဖြစ်စေချင်တယ်။ နောက်ပြီးတော့ နိုင်ငံရေးချဉ်းကပ်တဲ့အခါမှာ Bottom-Up Federalism နဲ့ သွားစေချင်တဲ့သဘောပါပဲ။ ဒါကြောင့်မလို့ ခေတ္တရပ်ဆိုင်းထားပြီးမှ တခြား အဖွဲ့အစည်းလုပ်ငန်းတွေနဲ့ Bottom-Up Federalism ချဉ်းကပ်တဲ့ နိုင်ငံရေးချဉ်းကပ်မှုကို ပိုပြီးအားစိုက်ဖို့အတွက် ပြင်ဆင်တာပါ။” လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

KNPP နဲ့ KNU တို့ရဲ့ ယာယီရပ်ဆိုင်းစာအပေါ် NUCC ဘက်က ဒီကနေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ မနက်ပိုင်းအထိ တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသေးဘူးလို့ ဦးအောင်ဆန်းမြင့်ကပြောပါတယ်။

“ကျနော်တို့ကြားထဲမှာ ပိုပြီး ယုံကြည်မှု၊ နားလည်မှုအပြည့်နဲ့ပေါ့နော သွားချင်တဲ့နိုင်ငံရေးလမ်းစဉ်ကို ပူးပေါင်းဆောင်ရွက်စေချင်တယ်ပေါ့။” လို့ ဦးအောင်ဆန်းမြင့်က ဆက်ပြောပါတယ်။

NUCC ထဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအနေနဲ့ KNPP နဲ့ KNU အပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ပါဝင်ပြီး လက်ရှိမှာတော့ KNPP နဲ့ KNU တို့က ပါဝင်မှု ယာယီရပ်ဆိုင်းလိုက်တာကြောင့် ABSDF တစ်ဖွဲ့တည်းသာ ကျန်ရှိနေမယ်လို့ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

NUCC မှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဖက်ဒရယ်ယူနစ်အခြေပြု နဲ့ လူမျိုးအခြေပြုအတိုင်ပင်ခံကောင်စီ၊ နိုင်ငံရေးပါတီတွေ၊ သပိတ်ကော်မတီတွေ နဲ့ ပါဝင်သင့်ထိုက်တဲ့ အစုအဖွဲ့အသီးသီး ပါဝင်ပါတယ်။

NUCC ရဲ့ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလက ကျင်းပတဲ့ ပထမအကြိမ်ပြည်သူ့ညီလာခံမှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အစိတ်အပိုင်း (၁) နှင့် (၂) ကို အတည်ပြုနိုင်ခဲ့ပေမယ့် ညီလာခံအပြီး ပဋိညာဉ်ရေးဆွဲရာမှာ ပါဝင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နဲ့ Kachin Political Interim Coordination (KPICT) တို့က NUCC ကနေ နုတ်ထွက်ခဲ့ပါတယ်။

အလားတူ နောက်ထပ် နှစ်နှစ်အကြာ ဒုတိယအကြိမ် ပြည်သူ့ ညီလာခံကို ၂၀၂၄ ခုနှစ် ဧပြီလမှာ ကျင်းပရာ နောက်ဆုံးရက်မှာတော့ CRPH နဲ့ NUG က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ခြင်း မရှိပါဘူး။

NUCC က ပြည်သူ့ ညီလာခံကို ၆ လ တစ်ကြိမ် ခေါ်ယူကျင်းပဖို့ စီစဉ်ထားပေမယ့် လက်တွေ့မှာ ဆောင်ရွက်မှုအားနည်းနေတာပါ။ သို့ပေမယ့် NUCC အဖွဲ့အစုထဲမှာ တစ်ပတ်ကို ၂ ကြိမ် တွေ့ဆုံလေ့ရှိသလို ၊ NUCC လက်အောက်က ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရေးကော်မတီ(JCC) ကနေ ကျန်းမာရေး ၊ ပညာရေး၊ လူသားချင်းစာနာထောက်ထားရေး၊ ဖယ်ဒရယ်၊ နိုင်ငံခြားရေး စတဲ့ ကဏ္ဍအလိုက် တွေ့ဆုံမှုရှိသလို တခြားအင်အားစုတွေနဲ့လည်း ညှိနှိုင်းဆောင်ရွက်နေတယ်လို့ သိရှိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ