spot_img
29.1 C
Loikaw
Saturday 24, January 2026
spot_img
Homeသတင်းကရင်နီပြည်အတွင်းကနေ ပြည်ပ ထွက်ခွာဖို့ ကြိုးစားနေတဲ့လူငယ်တွေ တရက်ကို ပျမ်းမျှ အယောက် (၅၀) ဝန်းကျင် ရှိနေ

ကရင်နီပြည်အတွင်းကနေ ပြည်ပ ထွက်ခွာဖို့ ကြိုးစားနေတဲ့လူငယ်တွေ တရက်ကို ပျမ်းမျှ အယောက် (၅၀) ဝန်းကျင် ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် အတွင်းကနေ ပြည်ပကိုထွက်ခွာဖို့ ကြိုးစားနေတဲ့ လူငယ်တွေ တရက်ကို ပျမ်းမျှ အယောက် (၅၀) ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။ ယခုလရဲ့ ရက်ပိုင်းအတွင်းမှာတော့ ပြန်လည် လျော့နည်းလာပေမယ့်လည်း ယခင်လတွေမှာတော့ တရက်ကို ပျမ်းမျှ အယောက် (၅၀) ဝန်းကျင်ရှိတယ်လို့ မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး ရဲ့ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“တစ်ရက်ကို ပျမ်းမျှ (၅၀) လောက်ရှိတယ်။ အခုတော့ လျော့လာပြီ။ အများစုက ပွဲစားနဲ့သွားကြတာကြီးပါပဲ။ သူတို့က အလိမ်ခံရတယ်ဆိုတာထက် ပြသနာ တစ်ခုခုရှိရင် ဖြစ်လာရင် အဲ့ဒီပွဲစားတွေကတာဝန်ယူမှု၊ တာဝန်ခံမှူမရှိပဲ ရှောင်ပြေးကြတယ်” လို့ မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေး ရဲ့ တာဝန်ရှိသူ တဦး က ပြောပါတယ်။

လက်ရှိမှာတော့ မယ်စဲ့မြို့နယ် ပူးပေါင်းအုပ်ချုပ်ရေး အဖွဲ့တွေ နဲ့ ကရင်နီပြည်ရဲဌာန KSP တို့ ပူးပေါင်းပြီး တားဆီးပိတ်ပင်ရေး အသိပညာပေး အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာကလည်း စစ်ဒဏ်အပြင် ဝမ်းရေးတွေကြောင့် ပြည်ပကို ထွက်ခွာချင်တဲ့ လူငယ်တွေကလည်း ရှိနေဆဲပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို တော်လှန်ရေးကာလ တလျှောက်လုံး ခံစားလာပြီး စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးကြောင့် သေလုနီးပါး ကြုံခဲ့ရသူ ဒီးမော့ဆိုမြို့နယ်အတွင်းက အသက် ၂၀ အရွယ် လူငယ်အမျိုးသမီး တဦးက ပြည်ပကို ထွက်ခွာချင်ရတဲ့အကြောင်းကို အခုလို ပြောပါတယ်။

“ကျမကတော့ ဒီလက်နက်ကြီးတွေ ၊ စစ်ဒဏ်တွေ ဆိုတဲ့ ကြားထဲကနေ မနေချင်တော့ဘူး။ ကိုယ်တိုင်လည်း ဒီစစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးတွေကြောင့် သေလုနီးပါးလည်း ကြုံခဲ့ဖူးတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အတားအဆီးရှိလည်း ရအောင်ထွက်မယ်လို့ပဲ ဆုံးဖြတ်ထားတယ်” လို့ အဆိုပါ အမျိုးသမီး က ပြောပါတယ်။

တဖက်နိုင်ငံအတွင်းကို သွားရောက်အလုပ် လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေဟာ ပွဲစားတွေ ရဲ့ လိမ်လည်မှုတွေကိုလည်း မကြာခဏ ခံနေကြရပါတယ်။ ပွဲစားရဲ့လိမ်လည်ခြင်းကိုခံရပြီး ငွေကြေး ပြန်လည်ရရှိအောင် အုပ်ချုပ်ရေးအဖွဲ့တွေကနေ ဆောင်ရွက်ပေးခဲ့တာ အယောက် (၂၀) ဝန်းကျင်ရှိပြီလို့ မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးဆီက သိရပါတယ်။

သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေး အဖွဲ့တွေအနေနဲ့လည်း အသိပညာပေးလုပ်ငန်းတွေ ပိုမိုလုပ်ပေးစေလိုတယ်လို့ မယ်စဲ့မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးရဲ့ တာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်တွင်းက လူငယ်တွေအများစုမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ ပျောက်ဆုံးသွားကြရပါတယ်။ လူငယ်တွေ အများစုကတော့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေကြပြီး တချို့မှာလည်း ကဏ္ဍအသီးသီးကနေ တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်နေကြတာတွေလည်း ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ