ကန္တာရဝတီတိုင်း ( မ် )
၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် လွိုင်ကော်မြို့တွင်းက တက္ကသိုလ်တွေ နဲ့ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်ကို နိုဝင်ဘာလ ၂၄ ရက်နေ့ကစပြီး စတင်ဖွင့်လှစ်သင်ကြားနေပြီလို့ စစ်ကော်မရှင်လက်အောက်ခံ မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါတယ်။
လွိုင်ကော်တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ် ၊ ကွန်ပျူတာတက္ကသိုလ် နဲ့ ပညာရေးဒီဂရီကောလိပ်တွေကို ဖွင့်လှစ်သင်ကြားနေပြီလို့ ဆိုပါတယ်။
လွိုင်ကော်တက္ကသိုလ်ရဲ့ နေ့သင်တန်းကျောင်းအတွက် ဘာသာရပ် ၁၄ ခု ၊ တန်းစဉ် ၁၃ ခု မှာ ကျောင်းသား (၁၇၂) ဦး ၊ နည်းပညာတက္ကသိုလ်မှာ ဘာသာရပ် ၄ ခု သင်ကြားနေပြီး ကျောင်းသား (၄၄) ဦး ၊ ကွန်ပျူတာတက္ကသိုလ်မှာ ကွန်ပျူတာသိပ္ပံကျောင်းသား (၆၀) ဦး ၊ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်မှာ ကျောင်းသား (၂၇၄) ဦး တက်ရောက်နေတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။
ကျောင်းတွေမှာ မြို့နယ်အသီးသီးက စစ်ကော်မရှင်အုပ်ချုပ်ရေးအဖွဲ့ရဲ့ ဝန်ထမ်းမိသားစုက ကျောင်းသားတွေ အများဆုံး တက်ရောက်ကြပြီး လွိုင်ကော်မြို့ခံ နဲ့ လွိုင်ကော်မှာ လာရောက်တိမ်းရှောင်ကြတဲ့ စစ်ဘေးရှောင် ကျောင်းသားတွေ တက်ရောက်တာကို မြင်တွေ့ရတယ်လို့ မြို့ခံ တစ်ဦးက ပြောပါတယ်။
“တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ရင် ဘယ်လိုကာကွယ်ပေးမလဲ ဆိုတာကို စိတ်ပူတယ်။ နောက် ဒေး (နေ့ ) ကျောင်းမှာ ကျောင်းသား ၁၇၀ ကျော်ဆိုတာ က မြို့မှာ လူငယ်တွေ ဘယ်လောက်တောင်နည်းပါးနေလဲဆိုတာ ပြနေသလိုပဲ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ယခု တက္ကသိုလ်ကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတွေဟာ Grade – 12 ကို အောင်မြင်ပြီးစီးတဲ့သူတွေ ဖြစ်တယ်လို့ သိရပါတယ်။
လွိုင်ကော်တက္ကသိုလ်က ၂၀၂၃ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ တစ်လေးလုံး စစ်ဆင်ရေးအတွင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကျောင်းပိတ်ထားခဲ့ရတာပါ။ အဲ့ဒီနောက် ၂ နှစ် နီးပါး ပိတ်ထားရတဲ့ လွိုင်ကော်တက္ကသိုလ်ကို ပြန်လည်ပြင်ဆင်ပြီးပြီ ဖြစ်တာကြောင့် ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာပဲ အဝေးသင် ကျောင်း နဲ့ ပြန်လည်စတင် သင်ကြားခဲ့တာဖြစ်ပါတယ်။
လွိုင်ကော်မြို့တွင်းမှာ တက္ကသိုလ်ကျောင်း ၊ ကောလိပ် ၊ အခြေခံစာသင်ကျောင်းတွေကို ဖွင့်လှစ်သင်ကြားနေသလို မြို့တွင်းမှာ ပုံမှန်သွားလာလှုပ်ရှားနေကြပေမယ့် လွိုင်ကော်မြို့ အနီးအနားမှာတော့ စစ်ကြောင်းထိုးနေတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။




