ကန္တရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေဟာ မူရင်း စျေးထက် တစ်ဆပို မြှင့်တက်လာတာကြောင့် ပြည်သူတွေအခက်ကြုံနေကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
လတ်တလောမှာ စစ်ကော်မရှင်တပ်တွေရဲ့ ထိုးစစ်တွေ၊ တပ်လှုပ်ရှားမှုတွေကြောင့် မြို့နယ်ချင်းဆက်လမ်းတွေကို အသုံးပြုလို့မရဘဲ ကုန်စည်ဝင်ရောက်မှုမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။
“ခုခြေနေက အနောက်ဘက်(ဒီးမော့ဆို)ဖက်သွားလည်း မပြေတော့ဘူး။ ရှေ့ဖက်လည်း မပြေတော့ဘူးလေး၊ သွားလာရဲတဲ့သူရှိတော့သွားကြတာပေါ့၊ ကျမတို့က လာပို့တဲ့သူဆီပဲယူထားတယ်။ စျေးနှုန်း က၁ ၀၀၀နဲ့ ဝယ်ထားရင်၁၅၀၀ နဲ့ပြန်ရောင်းတယ်။ ဖောက်သည်စျေး အဲ့မျိုးဆို ၁၂၀၀ အဲ့လိုပဲပြန်ရောင်းတယ်ပေါ့ အမြတ်က ၅၀၀၊ ၁၀၀၀ လောက်ပဲရတယ်” လို့ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းက စျေးရောင်းတဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ စားဆီတပိဿာကို ကျပ် ၁၇၀၀၀ ၊ ဆားတအိတ်ကို ၇၅၀၀၀ကျပ် ၊ ငါးခြောက်တပိဿာကို ကျပ် ၃၅၀၀၀ အထိစျေးရှိနေသလို တခြားစားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေလည်း တဆဝန်းကျင် စျေးတက်သွားတယ်လို့ ဆိုပါတယ်။
အခုလို ကုန်စျေးနှုန်းတက်လာတာကြောင့် ဝင်ငွေမရှိတဲ့ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ အခက်တွေ့နေပြီး မဖြစ်မနေသုံးစွဲရတဲ့ အရာတွေအတွက် အကြွေးယူဖြေရှင်းနေကြတယ်လို့ ဆိုပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းကို သွားလာတဲ့ လမ်းမကြီးမှာ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာကြောင့် လုံခြုံရေးအရ လမ်းမကြီးကို သွားလာဖို့ အဆင်မပြေတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။




