ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ တစ် လေးလုံးစစ်ဆင်ရေးမှာ တိုက်ပွဲအတွင်း မြေမြှုပ်မိုင်းနင်းမိတဲ့ တော်လှန်ရေး ရဲဘော်တဦးကို တခြားသော တော်လှန်ရေးရဲဘော်တဦးက ဝင်ကယ်ရင်း နှစ်ဦးစလုံးမြေမြှုပ်မိုင်းနင်းမိပြီး ဒဏ်ရာရခဲ့ရတဲ့ ဖြစ်စဉ် ကရင်နီမှာဖြစ်ပွားခဲ့ပါတယ်။
ကရင်နီက မြေမြှုပ်မိုင်းနင်းမိတဲ့ ဖြစ်စဉ်တော်တော်များများမှာလည်း မိုင်းနင်းမိတဲ့သူကို အနီးအနားက လူတွေ ဝိုင်းအုံကြည့်ပြီးမှ သက်ဆိုင်ရာဆေးရုံကို ပို့ဆောင်ကြတဲ့ဖြစ်စဉ်က ဓလေ့တခုလိုဖြစ်နေတာပါ။
မြန်မာနိုင်ငံမှာ တဦးကိုတဦးရိုင်းပင်းကူညီတတ်တဲ့ အကျင့်တွေက ချစ်စရာကောင်းတဲ့ဓလေ့ဆိုပေမဲ့ မြေမြှုပ်မိုင်း နင်းမိတဲ့လူတဦးရဲ့ အနားမှာ ရုတ်ရုတ်သဲသဲဖြစ်တာ၊ လူအုပ်ကြီးတွေက ဝိုင်းအုံကြည့်တာ တွေကြောင့် တခြားသူတွေကိုပါ အန္တရာယ်ထဲ ကျရောက်နိုင်ပါတယ်။
ဒါကြောင့် မိမိရဲ့ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်းလို ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကို ထိကိုင်နေသူတဦးဦး (သို့မဟုတ်) မိုင်းနင်းမိတဲ့အန္တရာယ်နဲ့ ကြုံတွေ့နေရတဲ့သူတဦးဦးကို ကယ်တင်မယ်ဆိုရင် မိမိအပါအဝင် တခြားသူတွေကို ဘေးကင်းစွာနဲ့ ကူညီနိုင်ဖို့ လိုအပ်ပါတယ်။
ကိုယ့်ပတ်ဝန်းကျင်မှာ မြေမြှုပ်မိုင်း (သို့မဟုတ်)ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခုခုကို ထိကိုင်နေသလိုမျိုး အန္တရာယ်မကင်းတဲ့အပြုအမူ လုပ်ဆောင်နေတဲ့သူတယောက်ကို တွေ့မယ်ဆိုရင် အဲဒီလူနဲ့ အဝေးမှာနေပြီး တခြားသူတွေကိုလည်း သူနဲ့အဝေးဆုံးနေဖို့ ပြောဆိုရမှာဖြစ်ပါတယ်။
အန္တရာယ်ရှိတဲ့ပစ္စည်းနဲ့ ဆော့ကစားတာ (သို့မဟုတ်) ထိတာ၊ ကိုင်ထားတာကို ရပ်တန့်ခိုင်းစေပါ။ သူ့လက်ထဲက ပစ္စည်းကို ချက်ချင်းပစ်ချခိုင်းတာမျိုးမဟုတ်ဘဲ ဂရုတစိုက်နဲ့ ဖြည်းဖြည်းချင်း ချထားခိုင်းရပါမယ်။ ပစ္စည်းကို ချထားပြီးတဲ့နောက်မှာ အန္တရာယ်ရှိတဲ့နေရာကနေ ထွက်ခွာနိုင်ဖို့ သူလာခဲ့တဲ့ လမ်းအတိုင်းနောက်ပြန်လှည့်ဖို့ သူ့ကိုလမ်းညွှန်ရပါမယ်။
အန္တရာယ်ရှိတဲ့နေရာကို ပြသဖို့နဲ့ တခြားသူတွေကို အနီးကပ်မချည်းကပ်စေဖို့အတွက် အမှတ်အသားကို လုံခြုံတဲ့နေရာမှာ ပြုလုပ်ထားဖို့လိုပါတယ်။
တစုံတယောက်က မိုင်းကို မတော်တဆ နင်းမိခဲ့မယ်ဆိုရင် ဘာအကြောင်းနဲ့မှ ထိခိုက်နေသူရဲ့ အနားကို အလျင်စလိုလုံးဝ မသွားရပါဘူး။ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတခုရှိပြီဆိုရင် အနီးအနားမှာ နောက်ထပ်များစွာရှိနေနိုင်လို့ပါ။
ထိခိုက်သူနဲ့ အလှမ်းဝေးတဲ့ နေရာမှာနေပြီး စကားပြောရပါမယ်။ သူ့ကိုနှစ်သိမ့်အားပေးတာနဲ့ အကူအညီပေးတာမျိုး ပြုလုပ်နိုင်ပါတယ်။
ရပ်ရွာခေါင်းဆောင် (သို့မဟုတ်) အဖွဲ့အစည်းထံကနေ အကူအညီတောင်းခံပေးရမှာဖြစ်ပါတယ်။ ဆေးဝါးကူညီမှု ရနိုင်တဲ့ နေရာဖြစ်မယ်ဆိုရင် ဆေးကုသမှုပေးနေတဲ့ အဖွဲ့နဲ့အလှမ်းဝေးတဲ့နေရာမှာနေပြီး စကားပြောရင်း ရပ်စောင့်ပေးလို့ရပါတယ်။
တကယ်လို့ ဆေးကုသပေးတဲ့အဖွဲ့မရှိခဲ့ရင် ထိခိုက်ဒဏ်ရာသူကို သူဒဏ်ရာရတဲ့နေရာကနေ အရင်ဆုံးကယ်ထုတ်ရပါမယ်။ ကယ်ထုတ်တဲ့အခါမှာ သူရှိတဲ့နေရာအနေအထားကို သေချာကြည့်ရှုပြီးမှ ဘေးကင်းစွာ သွားရောက်ခေါ်ထုတ်တာမျိုးကို ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ထိခိုက်ဒဏ်ရာသူကို မှန်ကန်တဲ့ ရှေးဦးသူနာပြုစုနည်းနဲ့ ပြုစုဖို့ အရေးကြီးပါတယ်။ အရင်ဆုံးတော့ ထိခိုက်မိသူဟာ အသက်ရှူ၊ မရှူ စစ်ဆေးရမှာဖြစ်ပြီး လူနာအသက်ကောင်းကောင်းရှူနိုင်ဖို့ လေပြွန်လမ်းကြောင်း ပိတ်ဆို့မှုမဖြစ်စေဖို့လည်း အရင်ဦးဆုံးလုပ်ပေးရပါမယ်။
ခြေထောက်နဲ့ လက်မှာ ဒဏ်ရာရခဲ့မယ်ဆိုရင် ဒဏ်ရာကို သန့်စင်တဲ့ရေနဲ့ ဆေးကြောပေးပြီး ပတ်တီး (ဒါမှမဟုတ်) လွယ်လွယ်ကူကူရနိုင်တဲ့ အဝတ်စတွေနဲ့ ဒဏ်ရာပေါက်ကို ဖိသိပ် စည်းနှောင်ရမှာဖြစ်ပါတယ်။ လိုအပ်ရင် သွေးထွက်တာကိုထိန်းဖို့ ချိုင်းနဲ့ ပေါင်ခြံမှာရှိတဲ့သွေးလွှတ်ကြောမကြီးကို ဖိထားပေးရပါမယ်။
လူနာကို ပက်လက်လှန်ထားပြီး ဒဏ်ရာရထားတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ လက် (ဒါမှမဟုတ်) ခြေထောက်ကို နှလုံးထက်မြင့်တဲ့နေရာမှာ မြှောက်ထားဖို့ လိုပါတယ်။ ဦးခေါင်းထိခိုက် ဒဏ်ရာရ ထားရင်တော့ ငြိမ်အောင်ထားပေးရပါမယ်။ အခြေအနေပေးတာနဲ့ လူနာကို အနီးဆုံး ဆေးကုသရာနေရာဆီ အမြန်ဆုံးပို့ဆောင်ရမှာဖြစ်ပါတယ်။
မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေဟာ လူနဲ့ တိရစ္ဆာန်တွေကြောင့် ပေါက်ကွဲစေနိုင် ပါတယ်။ ဒါကြောင့် မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေ ပျံ့နှံ့တည်ရှိမှုဖြစ်နိုင်ချေ မရှိတဲ့နေရာတွေမှာ တိရစ္ဆာန်တွေကို ထိန်းကျောင်းရမှာဖြစ်ပါတယ်။
တကယ်လို့ မတော်တဆဖြစ်ပွားမှုဖြစ်ခဲ့မယ်ဆိုရင် တိရစ္ဆာန်အနီးကို သွားဖို့ လုံးဝမကြိုးစားသင့်ပါဘူး။ မြေမြှုပ်မိုင်းနဲ့ တခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတခုရှိပြီဆိုရင် အနီးအနားမှာ နောက်ထပ်များစွာ ရှိနိုင်ပါတယ်။
ဒါတွေအပြင် သင်နဲ့မရင်းနှီးတဲ့ ပစ္စည်းတွေ (ဒါမှမဟုတ်) အရာဝတ္ထုတွေ တွေ့ရှိမယ်ဆိုရင် လုံးဝ မထိမကိုင်ပါနဲ့။ ကောက်ယူခြင်းတွေ မပြုလုပ်ပါနဲ့။ အရေးကြီးဆုံးက တုတ်နဲ့ထိုးတာ (ဒါမှမဟုတ်) ခြေထောက်နဲ့ ကန်တာမျိုး လုံးဝ မပြုလုပ်သင့်ဘူးဆိုတာကို တင်ဆက်ပေးလိုက်ရပါတယ်။




