spot_img
14.7 C
Loikaw
Friday 2, January 2026
spot_img
Home၂၀၂၅ ရွေးကောက်ပွဲစစ်ကော်မရှင်ဦးဆောင်တဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ထပ်တိုးလာ

စစ်ကော်မရှင်ဦးဆောင်တဲ့ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် ထပ်တိုးလာ

-

ကန္တာရဝတီတိုင်း (မ်)
ဒီနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်က ရွေးကောက်ပွဲအပိုင်း ၁ ကိုကျင်းပနေပြီဖြစ်ပေမယ့် ထပ်တိုးပြီး ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ်တွေကို ပြည်‌ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UECက ယမန်နေ့ (ဒီဇင်ဘာ ၂၇) မှာပဲ ထပ်မံကြေညာလိုက်ပါတယ်။
စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ချင်းပြည်နယ်က မြို့နယ် ၃ ခု၊ စစ်ကိုင်းတိုင်းက မြို့နယ် ၂ ခု နဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၄ ခုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးလို့ ထပ်မံကြေညာလိုက်တာပါ။
ယခင်ကြေငြာချက်အရ နိုင်ငံတစ်ဝှမ်းမှာရွေးကောက်ပွဲလုံးဝ မကျင်းပနိုင်တဲ့ မြို့နယ် ၅၆ မြို့နယ် ရှိရာကနေ မနေ့က ၉ မြို့နယ်ကို ထပ်တိုးကြေညာလိုက်တာကြောင့် ရွေးကောက်ပွဲလုံးဝမကျင်းပနိုင်တဲ့ မြို့နယ် ၆၅ ခုအထိရှိလာပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ မဲပေးခဲ့ကြပြီး မဲဆန္ဒနယ် အသီးသီးမှာလည်း မဲဆန္ဒရှင်တွေလာရောက်မဲပေးနေကြတာကိုလည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။
တစ်ဖက်မှာလည်း တော်လှန်ရေးထိန်းချုပ်နယ်မြေတွေမှာ လူထုတွေက ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး ရွေးကောက်ပွဲကို အယုံအကြည်ကြောင်း၊ မဲမပေးသင့်ကြောင်း အခုလိုပြောပါတယ်။
“ဒီရွေးကောက်ပွဲက လွတ်လပ်ပြီးတရားမျှတမှုမရှိဘူး။ အားလုံးလည်း မပါဝင်နိုင်ကြဘူး။ ပြီးတော့ ဖရူဆိုမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ပြောတယ်။ အဲဒီက ပြည်သူတွေအားလုံးက စစ်ရှောင်နေကြတာ ဘယ်သူက မဲထည့်မှာလဲ။ အကယ်၍ မဲရလဒ်တွေ ထွက်လာရင်တောင်မှ အလိမ်အညာတွေပဲ” လို့ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်‌ဒေသခံ မိုဆာဘူ ကပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း (၁) နဲ့ အပိုင်း (၂) ကို ကရင်နီပြည်တွင်းရှိကျေးရွာ အုပ်စု ၅၁ ခုမှာ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ UEC ကပြောထားပါတယ်။ ဇန်နဝါရီလ ၂၅ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၃ မှာတော့ ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်က ‌ကျေးရွာအုပ်စု ၁၀ ခုမှာ ကျင်းပနိုင်မှာမဟုတ်ဘူးလို့ UEC က ထပ်မံပြောထားပါတယ်။
ရွေးကောက်ပွဲ လုံးဝမကျင်းပနိုင်တဲ့ မြို့နယ် ၆၅ ခု အပြင် ရွေးကောက်ပွဲ တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်တဲ့ကျေးရွာ အုပ်စုတွေရှိတဲ့ မြို့နယ်က ၁၃၄ ခုအထိရှိလာတာကြောင့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲက သမိုင်းတလျှောက်ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မြို့နယ် အများဆုံးနဲ့ စံချိန်တင်လာပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ