spot_img
15.9 C
Loikaw
Friday 2, January 2026
spot_img
Homeသတင်းဖရူဆိုက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်နေကြ၊ အကူအညီရရှိဖို့ စစ်ရှောင်များ တောင်းခံနေ

ဖရူဆိုက ရွှေညောင်ကုန်းစစ်ရှောင်စခန်းမှာ ဆန်ပြတ်လပ်နေကြ၊ အကူအညီရရှိဖို့ စစ်ရှောင်များ တောင်းခံနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ ရွှေညောင်ကုန်းစစ်ဘေးရှောင်စခန်းမှာ ဆန် ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပြီး အကူအညီ ရရှိနိုင်ဖို့ စစ်ရှောင်တွေ တောင်းခံနေကြရတယ်လို့ စစ်ဘေးရှောင်စခန်း တာဝန်ရှ်ိသူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ရှောင်တွေဟာ ဆန်ချေးငှားစားသုံးတာ၊ ဆန်ပြုတ် ချက်စားရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

“ဆန်၊ ဆီ၊ ဆား အဓိက လိုအပ်ချက် ဖြစ်နေတယ်။ စစ်ရှောင်တွေက သူတို့ကို သွားကြည့်လိုက်ရင် ဘာမှ မရှိဘူး။ သူတို့ နည်းနည်းပါးပါး လုပ်စားတဲ့ဟာလည်း တစ်လစာ၊ နှစ်လစာ လောက်ပဲ စားလို့ရတယ်။ ဆန်ပြုတ် ပြုတ်စားနေတဲ့ အဖွဲ့တွေလည်း ရှိတယ်ဆိုတော့ ကိုယ်ကလည်း ဘယ်နားမှာ အကူအညီ တောင်းပေးရမလဲဆိုတာ တော်တော်တော့ အခက်အခဲဖြစ်နေတယ်။”လို့ စစ်ရှောင်ကော်မတီ တစ်ဦးက ပြောပါတယ်။

ဖရူဆို အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်တွေက ဒေသခံတွေရဲ့ ခွင့်ပြုချက်နဲ့ ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်ခွင့်ရရှိထားပေမယ့် အများအားဖြင့် မြို့ပေါ်ကနေ ရွေ့ပြောင်းလာကြသူတွေဖြစ်တဲ့အတွက် တောင်ယာလုပ်ကိုင်တတ်ဖို့ အခက်အခဲရှိနေကြတာပါ။

“အခက်အခဲဆိုတာက ရွှေညောင်ကုန်းမှာ စစ်ရှောင်လာတဲ့သူတွေက ရွှေ့ပြောင်းတောင်ယာလုပ်နေကျမဟုတ်တော့ ကျေးရွာခံတွေ တောင်ယာလုပ်ကြ ပြောပေမယ့်လည်း မြို့ကနေ တောင်ပေါ်ဒေသကို လုပ်နေကျမဟုတ်တော့ မလုပ်နိုင်တော့ သူတို့အခက်အခဲရှိတယ်၊ အဓိက စားဝတ်နေရေးပေါ့။”လို့ စစ်ရှောင်ကော်မတီတစ်ဦးက ဆက်ပြောပါတယ်။

စစ်ဘေးရှောင်ကာလ ကြာလာတာနဲ့အမျှ အလှူရှင်နည်းပါးလာပြီး အရေးပေါ်ဆန်ပြတ်လပ်နေတဲ့ မိသားစုတွေအတွက် တစ်ဦးကို ဆန် (၂) ပြည်နှုန်းခန့်သာ ကူညီနိုင်တယ်လို့ စစ်ရှောင်ကော်မတီက ပြောပါတယ်။

အခုလို ဆန်ပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရေရှည်မှာ ပိုမိုခက်ခဲလာနိုင်ပြီး ကလေးနဲ့ သက်ကြီးရွယ်အိုတွေရဲ့ ကျန်းမာရေးအတွက် စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းရှိ ရွှေညောင်ကုန်း စစ်ဘေးရှောင်စခန်းမှာတော့ အိမ်ခြေ ၇၃ အိမ်ရှိပြီး၊ လူဦးရေ ၂၀၀ ကျော် ရှိနေပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ