ကန္တာရဝတီတိုင်း (မ်)
စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲ အပိုင်း (၁) မှာပါဝင်တဲ့ ရှမ်းပြည်နယ်အတွင်းက မဲဆန္ဒနယ် ၁၂ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အဖြစ် ၃ နေရာမှာ အနိုင်ရထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် UEC က ဇန်နဝါရီ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
တောင်ကြီး၊ ဟိုပုံး၊ လွိုင်လင် မြို့နယ်တို့မှာ အနိုင်ရထားတာဖြစ်ပါတယ်။ လင်းခေးမြို့နယ်မှာတော့ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ) အနိုင်ရထားပြီးတော့ ကျန်မဲဆန္ဒနယ် ၈ ခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ကအနိုင်ရရှိထားပါတယ်။
UEC ရဲ့ ထုတ်ပြန်ချက်အရ မြို့နယ် ၁၀၂ မြို့နယ်မှာကျင်းပသွားခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း (၁) မှာ မဲရလဒ် အကုန်မထွက်လာသေးပေမဲ့ ထွက်ထားတဲ့ ရလဒ်ထဲက အများစုက ကြံ့ခိုင်ရေးပါတီကသာ မဲအများဆုံးနိုင်ရနေပါတယ်။
ရွေးကောက်ပွဲအပိုင်း (၂) ကို လာမယ့် ဇန်နဝါရီ ၁၁ ရက်နေ့မှာကျင်းပမှာဖြစ်ပြီး ကရင်နီပြည်က ဒီးမော့ဆို၊ ဖရူဆို မြို့တို့လည်း ပါဝင်ပါတယ်။
“တပ်မိသားစုထဲကပဲ သူတို့ဘာသာသူတို့ မဲပေးကြမယ်မြင်တယ်။ စဥ်းစားနေတာ သူတို့ဘယ်နား မဲပုံးထောင်မှာမသိဘူးလေး။ တပ်စခန်းထဲမှာပဲ ထောင်တာလို့ မြင်ရတာပေါ့” လို့ စစ်ဘေးရှောင်နေရတဲ့ ဖရူဆိုမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၂ မှာ ပါဝင်မဲ့ ကရင်နီပြည်က မြို့နယ်နှစ်ခုမှာ တိုက်ပွဲဖြစ်ပွားလျက်ရှိနေပြီး ဒေသခံတွေက စစ်ဘေးတိမ်းရှောင်နေရတာပါ။ အဲဒီဒေသနှစ်ခုမှာပဲ စစ်ရှောင်ဦးရေ ၂ သိန်းဝန်းကျင် ရှိနေပါတယ်။




