ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့၊ ဒေါငံခါးရပ်ကွက်အနီးမှာ ဖြတ်သန်းသွားလာတဲ့ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို စစ်တပ်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ထွက်ပြေးချိန်နေမှာ မိုင်းတိုက်မိပြီး ၈ တန်းကျောင်းသားတစ်ဦး အပါအဝင်နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တယ်လို့ နီးစပ်တဲ့ မိသားစုဝင်တွေထံကနေ သိရပါတယ်။
မနေ့က ဇန်နဝါရီလ ၄ ရက်နေ့ ၊ မွန်းလွဲပိုင်း ၃ နာရီ ဝန်းကျင်အချိန်မှာ ငါးသွားလုပ်စားရင်း အပြန်လမ်းမှာ ပစ်ခတ်ခြင်းခံခဲ့ရတာဖြစ်တယ်လို နီးစပ်တဲ့မိသားစုဝင်တွေက ပြောပါတယ်။
“သူတို့က ငါးသွားလုပ်စားတာလေး၊ ပြန်လာတော့ လမ်းမှားသွားတာပေါ့။ သူတို့ ဆက်သွားတော့ ရှေ့မှာက စစ်တပ်ရှိလို့ ဝိုင်းပစ်ကြတာ။ ဆိုင်ကယ်ထားပြီး ထွက်ပြေးတော့ ရှေ့ထွက်မိုင်းနဲ့ တိုက်မိသွားတာ။” လို့ အဆိုပါ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ ၈ တန်း ကျောင်းသားရဲ့ နီးစပ်တဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ထိခိုက်ဒဏ်ရာပြင်းထန်စွာ ရရှိသွားသူနှစ်ဦးဟာ ဖရူဆိုက စစ်ဘေးရှောင် တစ်ဝမ်းကွဲ ညီအစ်ကိုတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ ထွက်ပြေးနေချိန်မှာ ဆိုင်ကယ်နဲ့အတူ ငါးဖမ်းပစ္စည်းတွေကို ချန်ထားခဲ့ရတယ်လို့ ဆိုပါတယ်။
“ပေါင်အရင်းကနေ အသားစပြတ်ထွက်တာဆိုတော့ စိုးရိမ်တယ်။ တစ်ယောက်တော့ ခြေထောက်ကပဲ ဖြောင်ထွက်သွားတယ်” လို့ ထိခိုက်ဒဏ်ရာရသူတွေကို တွေ့ရှိခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးက ပြောပါတယ်။
အဆိုပါ အမျိုးသား နှစ်ဦးကတော့ ဖရူဆိုမြို့နယ်က ဒေသခံတွေဖြစ်ကြပြီး ၂၀၂၁ ခုနှစ်ကတည်းက စစ်ဘေးရှောင်နေကြရတဲ့ အရပ်သားတွေ ဖြစ်ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၅ ခုနှစ် ၊ သြဂုတ်လ ၈ ရက်နေ့မှစပြီး ဒေါငံခါးလမ်းအနီး ဖြတ်သန်းသွားလာခြင်းမပြုလုပ်ကြဖို့နဲ့ ဒီးမော့ဆို – ဖရူဆို – ထားလဲ လမ်းမကြီးကိုလည်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သတိပေးထားတာ ရှိပါတယ်။




