spot_img
13.4 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ ဒရုန်း ဗုံးကြဲမှုကြောင့် တစ်နှစ်အတွင်း ပြည်သူ ၁၀ ဦး ထိခိုက်သေဆုံး

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ ဒရုန်း ဗုံးကြဲမှုကြောင့် တစ်နှစ်အတွင်း ပြည်သူ ၁၀ ဦး ထိခိုက်သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း ပြည်သူ ၁၀ ဦး ထိခိုက်သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။

ဒရုန်းနဲ့ ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သူ ၁၀ ဦးဟာ ကလေး (၁)‌ဦး၊ အမျိုးသား(၆)ဦး၊ အမျိုးသမီး(၂)ဦး နဲ့ ကျား၊ မ မသိသူ (၁)ဦး တို့ ဖြစ်ပါတယ်။ ဒါ့အပြင် ကလေး(၇) ဦး၊ အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၉) ဦး၊ ကျား၊မ မသိ (၆) ဦး၊ စုစုပေါင်း (၃၂) ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တစ်နှစ်အတွင်းမှာတော့ ဒရုန်းနဲ့ ဗုံးကြဲမှု အကြိမ်ပေါင်း (၂၁) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ စစ်ကော်မရှင်တပ်တွေဟာ လူထုတွေရှိတဲ့နေရာတွေကို ဒရုန်းဗုံးအပြင် လက်နက်ကြီး၊လေကြောင်းတွေနဲ့ နည်းမျိုးစုံသော တိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။

အခုလို စစ်ကော်မရှင်တပ်ဖက်ကနေ နည်းမျိုးစုံတိုက်ခိုက်မှုတွေကြောင့် လူထုတွေ ထိခိုက် နစ်နာမှုများလာတယ်လို့ ကရင်နီပြည် ဒေသခံ အမျိုးသားတဦးက အခုလိုပြောပါတယ်။

“အစဆို တိုက်ပွဲဖြစ်တာတို့ဆို မြေပြင်စစ်ကြောင်းထိုးတာတွေပဲ မြင်ပြီး စိုးရိမ်စရာလည်း မြေပြင်အခြေအနေ ပိုစိုးရိမ်ဖြစ်တာပေါ့။ အခုက အဲ့လိုမဟုတ်ပဲ နည်းပညာ ခေတ်အရလည်း ပါမှာပေါ့။ အထူးသဖြင့် အပေါ်ကနေပဲ တိုက်ခိုက်မှု တွေများလာတော့ ရှောင်ရှားဖို့လည်း မလွယ်တော့ဘူး။ ထိခိုက်နစ်နာမှုတွေပဲ ပိုများများလာတယ်လို့မြင်တယ်။” လို့ ဒေသခံ အမျိုးသားတဦးက ဆိုပါတယ်။

ဒရုန်းကြောင့် လူထု ထိခိုက်သေဆုံးမှုတွေအပြင် နေအိမ် (၇) လုံး၊ ဘာသာရေး အဆောက်အဦး ( ၂ ) လုံး၊ အများပိုင်အဆောက်အဦး (၁)လုံး၊ ကားဆိုင်ကယ် (၁၀) စီး၊ လယ်ကွင်း(၃)ကွင်း၊
တိရိစ္ဆာန် (၂)ကောင် လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KnHRG ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင် ရဲ့ ဒရုန်းတိုက်ခိုက်မှုက ၂၀၂၅ ခုနှစ် ဇွန်လနောက်ပိုင်းမှာ ပိုမိုပြုလုပ်လာသလို ပြည်သူလူထုတွေ စားဝတ်နေရေးအတွက် အားထားရတဲ့ စိုက်ပျိုးမြေဧရိယာတွေမှာ စိုက်ပျိုးလို့မရအောင် နဲ့ သီးနှံတွေကို ရိတ်သိမ်းမှု မပြုလုပ်နိုင်ဖို့ ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ KnHRG က ပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ