spot_img
17.4 C
Loikaw
Friday 30, January 2026
spot_img
Homeသတင်းစပါးစိုက်တောင်သူတွေ ရိတ်သိမ်းစရိတ် ပြန်လည်ပေးချေနိုင်ဖို့ စပါးရောင်းထွက်ဖို့ မျှော်လင့်နေ

စပါးစိုက်တောင်သူတွေ ရိတ်သိမ်းစရိတ် ပြန်လည်ပေးချေနိုင်ဖို့ စပါးရောင်းထွက်ဖို့ မျှော်လင့်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်(ရှေ့) က ကျေးရွာအုပ်စုတွေမှာရှိတဲ့ တောင်သူတွေ စိုက်ပျိုးထားတဲ့ စပါးတွေကို ဝယ်ယူသူမရှိတဲ့အတွက် စပါးရိတ်သိမ်းခ၊ စက်ခတွေ ပြန်လည်ပေးချေနိုင်ဖို့ အခက်တွေ့နေကြဆဲဖြစ်ပြီး စပါးရောင်းထွက်ဖို့ကို မျှော်လင့်နေကြတယ်လို့ တောင်သူတွေက ပြောပါတယ်။

စပါးတွေကို ဝယ်ပေးမယ့်သူတွေ မရှိတဲ့အတွက် ရိတ်သိမ်းခတွေကို မပေးနိုင်သေးတဲ့အပြင် အဖက်ဖက်က ကုန်စျေးနှုန်းတွေ မြှင့်တက်နေတဲ့အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ စပါးစိုက် တောင်သူတဦးက အခုလို ပြောပါတယ်။

“စပါးတွေကို ရောင်းထွက်ဖို့ မျှော်လင့်နေကြတယ်။ ဝယ်မယ့်သူက မရှိဘူးပြောရမယ်။ စပါးတွေကို သိုလှောင်ထားတုန်း ရှိသေးတယ်။ ပြီးတော့ ကျနော်တို့ ရောင်းထွက်ဖို့ဆိုလည်း ဒီးမော့ဆို အရှေ့ဖက်ခြမ်းမှာ ဆန်စက်တွေ ရှိတယ်။ ဒါပေမယ့် မဝယ်ပေးကြဘူး။ အများအားဖြင့် ပွဲစားတွေ လာဝယ်ပေးတာလည်း မရှိဘူး။ ကျနော်တို့ အရင်က စက်နဲ့ ရိတ်သိမ်းခ မပေးနိုင်တဲ့ဟာတွေ။ အဲ့ကြောင့်မို့ အခုအခြေအနေနဲ့ဆိုရင် ကုန်စျေးနှုန်းတွေ အများကြီး မြင့်တက်နေတဲ့ အချိန်မှာ ကျနော်တို့ စားဝတ်နေရေး ဖြေရှင်းနိုင်ဖို့အတွက်လည်း ရောင်းထွက်ချင်တယ်။ စပါးတွေ ဝယ်ပေးမယ့်သူ မရှိတဲ့ အချိန်မှာ အခက်အခဲ အများကြီးနဲ့ ကြုံတွေ့ရတယ်။” လို့ စပါးစိုက်တောင်သူတဦးက ပြောပါတယ်။

ဒီးမော့ဆိုမြို့နယ် (ရှေ့) မှာ ဆန်စက်တွေ ရှိနေပေမယ့်လည်း ဝယ်ယူပေးနေတာတွေ မရှိတော့ဘူးလို့ ဆိုပါတယ်။ တချို့နေရာတွေမှာတော့ အနည်းအကျဉ်းသာ ဝယ်ယူပေးနေပေမယ့် အများကြီးမဝယ်ယူပေးနိုင်တဲ့အပြင် စပါးစျေးနှုန်း ၁,၈၀၀ သာ ပေးနိုင်တယ်လို့ သိရပါတယ်။

နောက်ထပ် စပါးစိုက်တောင်သူ အမျိုးသားတဦးကလည်း ရိတ်သိမ်းပြီးချိန်မှာကတည်းက ရောင်းမထွက်လို့ စက်ခ မပေးချေနိုင်သေးကြောင်းကို အခုလို ပြောပါတယ်။

“ကျနော့်ဟာတောင်မှ ရိတ်သိမ်းပြီးကတည်းက အခုထိ တအိတ်မှ မရောင်းရသေးဘူး။ ပိုက်ဆံလိုနေတဲ့ စက်ခတွေ၊ ဘာတွေ ပေးဖို့က ကျနော်တို့မှာ တခြားသော တောင်ယာတွေ ဘာတွေ မလုပ်တော့ အခုထိ ဒုက္ခတွေနဲ့ ကြုံတွေ့နေရတယ်” လို့ ပြောပါတယ်။

စပါးစိုက်တောင်သူတွေဟာ တခြားဝင်ငွေမရှိတဲ့အတွက် စပါးတွေကို ရောင်းထွက်မှသာ လာမယ့် ရာသီအတွက် ပြန်လည် စိုက်ပျိုးလို့ရနိုင်မှာ ဖြစ်ပါတယ်။ အခုလို စပါးတွေကို ဝယ်ယူပေးမယ့်သူတွေ အဖွဲ့အစည်းတွေ မရှိရင်တော့ နောင်လာမယ့် စပါးစိုက်ရာသီမှာ ပိုမိုအခက်တွေ့နိုင်သလို စပါးလျော့စိုက်တာတွေလည်း ဖြစ်လာနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

အခုလို ဒေသခံတောင်သူတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ဖြေရှင်းပေးနိုင်ဖို့အတွက် လာမယ့် ဖေဖော်ဝါရီ အတွင်းမှာ ဆန်တွေကို ဝယ်ယူပေးဖို့ ပြင်ဆင်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီ IEC ရဲ့ အတွင်းရေးမှုး (၂) ဦးဗညားက အခုလို ပြောပါတယ်။

“လူထုတွေကိုတော့ ဆန်စျေးနှုန်း တခုကို သတ်မှတ်ပေးထားတယ်။ အဲဒီးစျေးနှုန်းနဲ့ အားလုံး သူမနာ ကိုယ်မနာ စျေးနှုန်း သတ်မှတ်ပေးလိုက်ပြီ။ အဲဒီအတိုင်း စပါးကို ကြိတ်ကြ။ ဆန်ကြိတ်စက်တွေဆီမှာ သွားကြိတ်လို့ ရသလို ကိုယ်တိုင်လည်း ကြိတ်လို့ရတယ်။ ပြီးတော့မှ ကျနော် တို့ သတ်မှတ်ပေးတဲ့ နေရာတွေမှာ လာရောင်းလို့ရတယ်။ အသေးစိတ်ကိုတော့ သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေ အစည်းအဝေး ဆက်လုပ်ပါမယ်” လို့ ဦးဗညား က ပြောပါတယ်။

စပါးတွေကို တိုက်ရိုက်ဝယ်ယူပေးတာ မဟုတ်ပဲ ဆန်ကိုသာ ဝယ်ယူပေးမှာ ဖြစ်ပြီး အနည်းဆုံး အိတ်ပေါင်း ၁၅၀၀ ဝန်းကျင် ဝယ်ပေးဖို့ ရှိတယ်လို့ သူက ဆက်ပြောပါတ်။

ဆန် အမျိုးအစားပေါ် မူတည်ပြီး ရွေရည်အေး ၊ ရွေအ ၂၅ ဝိတ် ကိုတော့ ၉၅,၀၀၀ ဝန်းကျင်နဲ့ ယာကိုး ၂၅ ဝိတ်ကိုတော့ ၉၀,၀၀၀ ဝန်းကျင် ယာယီသတ်မှတ်ထားပါတယ်။ အသေးစိတ် အချက်အလက်ကိုတော့ သက်ဆိုင်ရာ လူစာပြန် မြို့နယ်ဦးစီးမှုးတွေ ၊အုပ်ချုပ်ရေးအဖွဲ့တွေ ၊ တာဝန်ရှိသူတွေက ဆက်လက်ဆွေးနွေးကြမှာ ဖြစ်တယ်လို့ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ