spot_img
17 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ ရေကျောက်ရောဂါ ဖြစ်နိုင်ကြောင်း KnMHC ပြော

ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်မှာ ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ ရေကျောက်ရောဂါ ဖြစ်နိုင်ကြောင်း KnMHC ပြော

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ဆိုမိုဖေစိုးလေး (ရှားတော) မြို့နယ်က လူထုတွေအကြား ဖြစ်ပွားနေတဲ့ အရေပြားရောဂါဟာ ရေကျောက်ရောဂါ (Chickenpox) ဖြစ်နိုင်ကြောင်း သံသယရှိနေပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနက စစ်ဆေးမှုတွေဆောင်ရွက်နေဆဲဖြစ်တယ်လို့ ကရင်နီ နယ်လှည့် ကျန်းမာရေး ကော်မတီအဖွဲ့ KnMHC က ဒီကနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ကရင်နီပြည်ထဲက ဆိုမိုဖေစိုးလေး (ရှားတော) ဒေသမှာလည်းပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက အရေးပြားရောဂါကို ကုသဖို့အတွက် ဒေသခံတွေက ဆေးဝါအကူအညီတွေ တောင်းခံထားတာပါ။

“အခုက ပိုပြီးဆိုးရွားလာတယ်ဆိုတဲ့ဟာမျိုးတော့မရှိဘူး။ ပုံမှန်အတိုင်းပဲ ဖြစ်နေကြသေးတယ်။ ဒါပေမဲ့ တချို့က ပျောက်တယ်။ တချို့လူတွေက ပြန်ထွက်တယ် အဲ့လိုတော့ရှိတယ်။ “လို့ ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ပေးနေတဲ့ အမျိုးသားတစ်ဦး ကဆိုပါတယ်။

အဆိုပါ လူထုတွေ ရင်ဆိုင်နေရတဲ့ အရေပြား ရောဂါ နဲ့ပတ်သက်ပြီး KnMHC က လူနာတွေကို ကိုယ်ပူကျဆေးတွေဝေပေးတာ၊ လိုအပ်သူတွေကို Cloxacillin (PO) (သောက်သုံးရတဲ့ ပိုးသတ်ဆေးတစ်မျိုး) ပေးတာ၊ ကျန်းမာရေးဆိုင်ရာ ပညာပေးတာ စတာတွေကို လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောင်းနေအရွယ်ကလေးတွေအတွက် သက်ဆိုင်ရာ ကျောင်းတာဝန်ခံတွေနဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်လျက်ရှိပြီး အခြေအနေအရ လိုအပ်ပါက စာသင်ကျောင်းတွေပါ ယာယီပိတ်သိမ်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ကိုလည်းဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အရေပြားရောဂါခံစားရတဲ့ ကျောင်းသားတွေ ရဲ့ လူဦးရေ အခြေအနေအရ စာသင်ကျောင်းပိတ်သိမ်းတာမျိုးမရှိသေးဘူးလို့ အဆိုပါ ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်ပေးသူ အမျိုးသားတစ်ဦးက ဆိုပါတယ်။

“သူတို့လူဦးရေက ကျောင်းမှာ ၇၀ ရှိခါကြတော့ ဖြစ်တာက ၁၈ ယောက်လောက်ပဲ ဖြစ်ခါကြတော့ ဖြစ်တဲ့လူတွေက ကျောင်းနားခိုင်းလိုက်တယ်။ မဖြစ်တဲ့လူတွေကြ ကျောင်း ပြန်တက်ခိုင်းတယ် အဲ့လိုမျိုးပဲ။” လို့ သူကဆိုပါတယ်။

ကရင်နီပြည်က လူထုတွေအနေနဲ့ တစ်ကိုယ်ရေ သန့်ရှင်းအောင် ဆောင်ရွက်ကြဖို့နဲ့ ဖျားနာမှုတစုံတရာ ခံစားရချိန် နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေဆီ ပြသဖို့ ကရင်နီ နယ်လှည့်ကျန်းမာရေး ကော်မတီအဖွဲ့(KnMHC) က တိုက်တွန်းထားပါတယ်။

ဒါ့အပြင် တကိုယ်ရည် သန့်ရှင်းမှုဆိုင်ရာ ပစ္စည်းတွေဖြစ်တဲ့ ဆပ်ပြာမှုန့်၊ ဆပ်ပြာခဲ၊ ဆပ်ပြာရည်၊ လက်သန့်ရှင်းရေးပစ္စည်းတွေ လိုအပ်နေကြကြောင်းကိုလည်း KnMHC အဖွဲ့ဆီကနေ သိရပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ