ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း ၊ မောက်မယ်မြို့နယ်အတွင်းက ကဒူကြီးဒေသမှာ နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့စဥ် ဖြစ်ပွားနေပြီး တစ်လကျော်အတွင်း စစ်ကော်မရှင် နဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်ဖက်က ကျဆုံးသူ ၆၀ ထက်မနည်း ရှိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ဒီတိုက်ပွဲမှာ တစ်လျှောက်မှာကတော့ PNO ပြည်သူ့စစ်နဲ့ စစ်ကောင်စီဖက်က ကျဆုံးတာ ၆၀ ထက်မနည်းတော့ဘူးဆိုတဲ့ အနေအထားကိုတော့ တွေ့ရတယ်။ အဲ့ဒီမှာ တချို့အလောင်းတွေ ကျန်ခဲ့တာမျိုးတွေရှိတယ်။ တချို့ကတော့ သူတို့အလောင်း တွေပြန်သယ်တာမျိုးတွေရှိတယ်ပေါ့။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
အဆိုပါ PNO ကျဆုံးမှုစာရင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ လက်ရှိအချိန်ထိ နေ့စဥ် ဖြစ်ပွားနေတဲ့ မြေပြင်တိုက်ပွဲအတွင်းက ကျဆုံးမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြေပြင်စစ်ကြောင်းထိုးမှုတွေအပြင် ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကိုလည်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ခွန်ရိန်းယံက အခုလိုဆက်ပြောပါတယ်။
“စစ်ကြောင်းဆက်ထိုးနေပါတယ်။ ပြီးတော့မှ တိုက်ပွဲလည်းနေ့တိုင်းဖြစ်နေပါတယ်။ တိုက်ပွဲမဖြစ်တဲ့ရက် မရှိပါဘူး သူတို့ကဆုတ်လိုက်ပြန်ထိုးလိုက်၊ ဆုတ်လိုက်ပြန်ထိုးလိုက် အဲ့လိုမျိုးလုပ်နေတဲ့ဟာတွေ။ ပြီးတော့မှ ရွာတွေကိုလည်း သူတို့အနေနဲ့ဗုံးတွေကို လိုက်ကြဲနေတာမျိုးတွေ ရှိတယ်ပေါ့နော်။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကဒူးကြီးကျေးရွာအုပ်စုမှာရှိတဲ့ ခြိင်ႏနင် ကျေးရွာကို စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ PNLA က ပြောပါတယ်။
လက်ရှိ မြေပြင်တိုက်ပွဲဖြစ်ပွားနေတာကလည်း စစ်ကော်မရှင် လက်အောက်ခံ (PNO) ပြည်သူ့စစ်တွေရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ နှစ်ဖက်တိုက်ပွဲအတွင်း PNLA တပ်ဖွဲ့ဖက်လည်း ထိခိုက်မှုတွေ ရှိတယ်လို့ ခွန်ရိန်းယံ က ပြောပါတယ်။




