ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း ၊မောက်မယ်မြို့နယ် ကဒူးကြီးဒေသက နားဟီးကျေးရွာကို စစ်ကော်မရှင် PNO ပြည်သူ့စစ်က လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) တပ်ဖွဲ့ဆီကနေ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၃နာရီခွဲမှာ ပစ်ခတ်ခဲ့တာလို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ပွန်ချောင်းအရှေ့ဖက်မှာ ကျော်လာတဲ့ ပြည်သူ့စစ်တွေဟာ လက်နက်ကြီး နဲ့ ပစ်တာပေါ့နော်။ လက်နက်ကြီး ပစ်တာ နားဟီး ကျေးရွာထဲ ကျတာဖြစ်ပါတယ်။ နားဟီးကျေးရွာကလည်း တိုက်ပွဲနဲ့ မဆိုင်တဲ့ နေရာဖြစ်ပါတယ်။ စစ်ကော်မရှင်လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီး ပစ်တော့ အမျိုးသား တစ်ဦး အမျိုးသမီး တစ်ဦး ထိပါတယ်။ အမျိုးသားကတော့ ဒဏ်ရာရတယ်။ အမျိုးသမီးတော့ ဒဏ်ရာ ပြင်းထန်တဲ့ အခြေအနေလို့တော့ သိရတယ်ပေါ့နော်။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ကဒူးကြီးဒေသအတွင်း စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်တွေရဲ့ စစ်ကြောင်းထိုးလာမှုကြောင့် မကြာခဏ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။ တိုက်ပွဲနဲ့ ဝေးတဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ ရမ်းသမ်း ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် အရပ်သားထိခိုက်မှုတွေ ၊ နေအိမ်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ PNLA က ဆိုပါတယ်။




