ကန္တာရဝတီတိုင်း(မ်)
ဒီကနေ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ မနက် ၉နာရီခွဲအချိန်မှာ စစ်ကော်မရှင်တပ်က ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း၊ ကျေးရွာ တရွာကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူအမျိုးသားဟာ နေအိမ်မှာရှိစဉ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲပြီး လည်ပင်းကိုထိမှန်ကာ သေဆုံးရတာ ဖြစ်တယ်လို့ ဒေသခံ တဦးက အခုလို ပြောပါတယ်။
“သူက ခြေဖျားမှာ နည်းနည်း ထိတယ်။ ပြီးတော့ အထိ များသွားတာက သူရဲ့ လည်ပင်း။ သူထိတဲ့အချိန်မှာ မိသားစုနဲ့ အတူ နေအိမ်မှာ ရှိနေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးသူဟာ အသက် ၃၆နှစ် အရွယ်ရှိပြီး ကျေးရွာတွင်း တာဝန်ရှိသူ အရပ်သား တဦးလို့လည်း သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အဆိုပါ ကျေးရွာကို မကြာခဏ ဒရုန်း ဗုံးနဲ့ လာရောက်တိုက်ခိုက်တတ်ပြီး လူနေအိမ်တွေ ထိခိုက်ပျက်စီးတာတွေ ရှိခဲ့တယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ပါဒေါဒူ ကျေးရွာမှာ စစ်ကော်မရှင်တပ်သားတွေ တပ်စွဲထားတာ ဖြစ်ပါတယ်။ အဆိုပါ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကို ပါဒေါဒူကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ် ပစ်တာလား၊ ဒီးမော့ဆိုအခြေစိုက် တပ်ရင်းတွေက ပစ်တာလား ဆိုတာကိုတော့ ဒေသခံတွေအနေနဲ့ အတည်ပြုနိုင်ခြင်း မရှိပါဘူး။




