spot_img
30.9 C
Loikaw
Monday 23, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းကရင်နီပြည်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်စခန်းတချို့မှာ အမိုးအကာ အခက်ခဲကြုံ

ကရင်နီပြည်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်စခန်းတချို့မှာ အမိုးအကာ အခက်ခဲကြုံ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်စခန်းတချို့မှာ အမိုးအကာလုံလောက်မှုမရှိတာကြောင့် အခက်ကြုံတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တတိယပတ်အတွင်း ကရင်နီပြည်က နေရာတချို့မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှု ကြုံတွေ့ခဲ့ရပြီး မိုးကာဆွေးမြေ့နေတဲ့ စစ်ရှောင်အိမ်တွေက မိုးယိုစိမ့်မှုကို ရင်ဆိုင်ကြရတယ်လို့ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းမှာ နေထိုင်တဲ့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

“အရင်အပတ်ထဲက မိုးရွာတာရှိတယ်။‌နွေရောက်တော့မယ်ဆိုတော့ အအေးလည်း သက်သာလာတော့ အဆင်ပြေလာပြီပေါ့။ မိုးကပြန်ထပ်ရွာလိုက်တော့ မိုးရွာတဲ့ရက်ဆို သိသိသာသာအေးတယ်။ ရာသီအကူးအပြောင်းလည်းပါတော့။ စစ်ရှောင်မှာက တဲအိမ်တွေအမိုးက မိုးကာက သိတဲ့အတိုင်းလေ အကြာမခံနိုင်ဘူးလေ။ တတ်နိုင်သူတွေတော့ ကိုယ့်ကိုယ် ဝယ်ယူပြန်မိုးပေါ့။ တချို့ အဆင်မပြေတဲ့သူတွေတော့ အမိုးအကာက လိုရင်တောင် နွေတို့က ပိုအဆင်ပြေသေးတယ်။ ဒီမိုးရွာတာကတော့ ဆွေးတဲ့အမိုးအကာတွေတော့ ဘယ်လိုဖြစ်ဖြစ် ပိုခက်ခဲမှာပဲ။”လို့ အဆိုပါ စစ်ရှောင်အမျိုးသမီးက ပြောပါတယ်။

ဒီကနေ့ ဖေ‌ဖော်ဝါရီလ ၂၃ ရက်နေ့ကနေ လာမည့် မတ်လ ၁ ရက်နေ့အထိ ရက်သတ္တပတ်အတွင်းမှာလည်း ကရင်နီပြည်အပါအဝင် မြန်မာနိုင်ငံအတွင်းက ဒေသတချို့မှာ အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်တယ်လို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ထုတ်ပြန်ထားတာရှိပါတယ်။

အခုလို အချိန်အခါမဟုတ် မိုးရွာသွန်းတာကြောင့် စစ်ရှောင်စခန်းတွေမှာတော့ နေရာထိုင်ခင်း ခက်ခဲမှုတွေ ရင်ဆိုင်နိုင်ကြောင်းကိုလည်း လွိုင်ကော်မြို့နယ်အရှေ့ခြမ်းက စစ်ရှောင်အမျိုးသား တစ်ဦးက အခုလို ပြောပါတယ်။

“အရင်ပတ်က ရွာသေးတယ်။ နည်းနည်းပါပဲ ။ထပ်ရွာရင်တော့ မပြောတတ်ဘူး။ မိုးရာသီလည်းမဟုတ်တော့ ပြင်ဆင်တာမျိုးမရှိရင် ရုတ်တရက်ဆို ဘယ်လိုဖြစ်ဖြစ် စစ်ရှောင်မှာဆိုတော့ နေရာထိုင်ခင်းအတွက် အဆင်မပြေတာတွေ ရှိလည်းရှိနိုင်မှာပေါ့။” လို့ သူက ပြောပါတယ်။

ရက်သတ္တပတ်အတွင်း မိုးရွာသွန်းမှုအခြေအနေမှာ ကရင်နီပြည်အပါအဝင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း ၊ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ကရင်ပြည်နယ်၊ မွန်ပြည်နယ် နဲ့ ရခိုင်ပြည်နယ် စတဲ့ နေရာဒေသတွေ ပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကရင်နီပြည်အပါအဝင် မကွေး၊ မန္တလေး၊ နေပြည်တော်၊ ရှမ်းပြည်နယ် နဲ့ ချင်းပြည်နယ်
တို့မှာ လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နောက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သလို၊ လေပြင်းတိုက်ခတ်တာနဲ့ မိုးကြိုးပစ်တာတွေပါ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ ပညာရှင်တွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ အသိပေးပြောဆိုထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ