ကန္တာရဝတီတိုင်း ( မ် )
ရှမ်းပြည်တောင်ပိုင်း၊ ကဒူးကြီးဒေသမှာ နေ့စဥ် မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသအတွင်းက ကျေးရွာလူထုရဲ့ ၈၀ရာခိုင်နှုန်းက စစ်ဘေးတိမ်းရှောင်နေကြရဆဲ ဖြစ်တယ်လို့ ပအိုဝ်းလူငယ်အဖွဲ့အစည်း(PYO) ဆီကနေ သိရပါတယ်။
စစ်ရှောင်လူထုတွေဟာ ဟိုပုံး၊ ဆီဆိုင်မြို့နယ် မှာ တိုက်ပွဲစတင် ဖြစ်ပွားကတည်းက လေကြောင်းတိုက်ခိုက်မှုတွေ ခံနေရတာကြောင့် တိမ်းရှောင်ကြပြီး အခြေအနေ ပြန်ငြိမ်ပါက နေရပ်ပြန်တာ ပြုလုပ်ကြပါတယ်။ လက်ရှိမှာလည်း ပြည်သူ့စစ် (PNO) ရဲ့ ထိုးစစ်တွေကြောင့် လူထုတွေဟာ စစ်ဘေးတိမ်းရှောင်နေဆဲ ဖြစ်တယ်လို့ PYO ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ကဒူကြီးဒေသကို စစ်ကောင်စီနဲ့ PNO တို့က စစ်ကြောင်းထိုးတိုက်ခိုက်လာပြီးနောက်ပိုင်း ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ကြတယ်။ လက်ရှိမှာတော့ စစ်ရှောင်ကတော့ (၈၀)ရာခိုင်နှုန်းလောက်ပေါ့။”လို့ PYO ရဲ့ တာဝန်ရှိသူ တစ်ဦးက ဆိုပါတယ်။
စစ်ရှောင်စခန်းတွေမှာလည်း စစ်ရှောင်ကာလကြာမြှင့်လာတာနဲ့အမျှ အဖက်ဖက်က လိုအပ်ချက်တွေ မြင့်မားနေတာကြောင့် စစ်ဘေးတိမ်းရှောင်ကြတဲ့ လူထုတွေဟာ စားဝတ်နေရေး အခက်ခဲရှိလာကြတယ်လို့ ပြောပါတယ်။ ဒါ့ကြောင့် ကျေးရွာတချို့မှာ လူထုတွေ နေရပ်ပြန်လာကြပေမယ့် မူလ လုပ်ကိုင်ကြတဲ့ တောင်ယာခင်းတွေမှာ လုပ်ကိုင်ခွင့် မရတဲ့အတွက် စားဝတ်နေရေး အခက်ခဲတွေ ရင်ဆိုင်နေကြတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင် လက်အောက်ခံ ပြည်သူ့စစ် (PNO) က ကျေးရွာတွေဖက်ကို အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ နေအိမ် မီးရှို့တာ လုပ်ဆောင်နေသလို ဖိအားပေးပြီး နေရပ်ပြန်လာဖို့ ပြောဆိုနေတယ်လို့ PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာလည်း ကဒူးကြီးဒေသအတွင်း ဗန်းမတ်ကျေးရွာက လူထုနေအိမ်တွေကို PNO က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သူက ဆိုပါတယ်။
“အဓိက ကတော့ PNO တွေ ဗန်းမတ် ဒေသကို ရောက်လာပြီး နောက်ပိုင်းမှာကတော့ ဗန်းမရွာသစ် ကတော့ ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီး ခံရတယ်။ ဒီဗန်းမတ် ရွာနဲ့ အဲ့ဒီ မိုင်းဟိုင်းရွာကတော့ နေအိမ်တချို့ မီးရှို့ ဖျက်ဆီး ခံရတယ်။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ PNFC နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO တို့ ပူးတွဲကျင်းပတဲ့ (၇၇) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားတိုက်ရိုက်ထုတ်လွှင့်မှုမှာ ရှမ်းပြည်နယ်တောင်ပိုင်း PNLO/PNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မောက်မယ်မြို့နယ် ၊ ဗန်းမက်ဒေသ ၊ ကဒူးကြီး ဒေသတို့မှာ စစ်ကော်မရှင်ဖက်က သာလွန်အင်အားနဲ့ ထိုးစစ်ဆင်လျက်ရှိပြီး PNLO/PNLA ဘက်ကလည်း အပြင်းအထန် တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
ပြင်းထန်တဲ့ စစ်ရေးအခြေအနေတွေကြောင့် ပအိုဝ်းပြည်သူ (၁၀၀၀၀) ခန့် စစ်ဘေးတိမ်းရှောင်နေရပြီး ဆေးဝါးနဲ့ အခြေခံ စားသောက်ကုန်တွေ လိုအပ်လျက်ရှိတယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး အခက်အခဲနဲ့ ရင်ဆိုင်လာရသလို ကျန်းမာရေးပိုင်းမှာလည်း ကလေးနဲ့ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အခက်အခဲတွေ ပိုမိုရင်ဆိုင်ရနိုင်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ PYO အဖွဲ့ဆီက ပြောဆိုထားပါတယ်။




