ကန္တာရဝတီတိုင်း (မ်)
ကရင်နီပြည်၊ မယ်စဲမြို့နယ်မှာရှိတဲ့ တရားရေးဌာနအောက်က ထိန်းသိမ်းရေးစခန်းကို ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲခဲ့ပြီး ၅ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး -၂ ဦးဗညားက ပြောပါတယ်။

“ထိန်းသိမ်းရေးစခန်းကို ဗုံးလာကြဲတယ် အမျိုးသမီး လေးဦးနဲ့ အမျိုးသား တစ်ဦးသေဆုံးတယ်” လို့ ဦးဗညားက ပြောပါတယ်။
သေဆုံးသူတွေဟာ ထိန်းသိမ်းရေးစခန်းမှာရှိတဲ့ လူတွေဖြစ်ပြီး အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တဦး အပါဝင် အမျိုးသမီး ၄ ဦး နဲ့ အမျိုးသားတဦး ထိမှန်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင် လေကြောင်းဗုံးကြဲတဲ့နေရာဟာ တိုက်ပွဲအတွင်းကနေ ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်သားတွေရဲ့ မိသားစုဝင်တွေကို ထားရှိတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
မယ်စဲမြို့နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက အကျဥ်းထောင် အမှတ် ၂ ကနေ စစ်သုံ့ပန်းအကျဉ်းသား ၈၆ ယောက် ထောင်ဖောက် ထွက်ပြေးခဲ့တာကြောင့်လည်း ဒေသတွင်း လုံခြုံရေးနဲ့ပတ်သက်ပြီး ဒေသခံတွေရဲ့ စိုးရိမ်မှုက မြင့်တက်နေတာဖြစ်ပါတယ်။
မယ်စဲမြို့နယ်က ထိုင်းနိုင်ငံနယ်စပ်မျဥ်းနဲ့ နီးစပ်တဲ့ ကရင်နီပြည်ထဲကမြို့ဖြစ်ပေမဲ့ စစ်ကော်မရှင်တပ်က လေယာဉ်နဲ့ ဗုံးကြဲမှုကို မကြာခဏ ပြုလုပ်နေတာဖြစ်ပါတယ်။




