ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်တပ်က ဆုံးရှုံးထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်မယ့် “ရန်နိုင်မင်း” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးက ဖားဆောင်းမြို့ကနေ မော်ချီးဒေသဖက်ကို ဦးတည်စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ( IEC ) ၊ အတွင်းရေးမှူး ( ၂ ) ဦးဗညားက ပြောပါတယ်။
“ရန်နိုင်မင်း ရဲ့ စစ်ဆင်ရေး အစိတ်အပိုင်းတခုက မော်ချီးဒေသကို စစ်ကြောင်းထိုးမယ် ရအောင်ပြန်ပြီး စိုးမိုးမယ် ထိန်းချုပ်မယ်ဆိုတဲ့ သိရှိချက်တော့ရှိတာပေါ့။“ လို့ ဦးဗညား က ပြောပါတယ်။
ဖားဆောင်းမြို့တွင်းကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်နိုင်ကြောင်း ကြေညာထားပြီး အဲ့ဒီကနေတဆင့် မော်ချီးဒေသကို စစ်ကြောင်းထိုး လှုပ်ရှားနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ ယခု မတ်လအတွင်း ထိတွေ့တိုက်ပွဲ ကြီးကြီးမားမား ဖြစ်ပွားတာမရှိဘူးလို့ မြေပြင်ရဲဘော်တဦးက ပြောပါတယ်။
ဘောလခဲမြို့နယ်ကနေ ဦးတည်စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကုန်ကစလို့ ဘောလခဲ – ထူးချောင်း – ဖားဆောင်း ဆက်သွယ်ရေးလမ်းကြောင်းရဲ့ အနောက်ဖက်ခြမ်းကနေ စတင်ပြီး ထိုးကြောင်းထိုး လှုပ်ရှားခဲ့တာပါ။ “ ရန်နိုင်မင်း စစ်ဆင်ရေး “ ခေါင်းစဉ်နဲ့ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်တာဖြစ်ပြီး ၇ လအကြာမှာ မြို့တွင်းကို ရောက်ရှိထိန်းချုပ်နိုင်ခဲ့ပြီလို့ စစ်ကော်မရှင်က ပြောပါတယ်။
ဖားဆောင်းမြိုကို့ ထိန်းချုပ်ထားပြီလို့ စစ်ကော်မရှင်တပ်က ပြောဆိုထားပေမယ့် မြို့နဲ့ အနီးတဝိုက်မှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေဆဲပါ။ စစ်ကော်မရှင်တပ်က ဖားဆောင်းမြို့တွင်းကနေ အင်အား ၁၀၀ ကျော်နဲ့ မော်ချီးဒေသဖက်ကို ဦးတည်စစ်ကြောင်းထိုးနေပြီး လက်ရှိမှာ မော်ချီးသွားလမ်းမကြီးပေါ်မှာရှိတဲ့ ခဲမဖြူအနီးအနားက စေတီကုန်းမှာ တပ်စွဲထားပြီး အချိန်မရွေး တိုက်ပွဲပြင်းထန်နိုင်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
“စစ်ကောင်စီတပ်က တံတားနားနဲ့ တံတားထိပ်က စေတီမှာ ခံတပ်ဆောက်နေတယ်။ ဖားဆောင်း နဲ့ ခဲမဖြူကြားက ရွာပေါ့။ တိုက်ပွဲက ကြီးကြီးဖြစ်တာမရှိဘူး။” လို့ ရှေ့တန်းရောက် ရဲဘော်တဦးက ပြောပါတယ်။
ဖားဆောင်းမြို့တွင်းကို ထိန်းချုပ်နိုင်ပြီးနောက် လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ကို ဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို မကြာခင်မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပြီး လိုအပ်တဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို တိုးမြှင့်ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က ပြောထားပါတယ်။ ဒါ့ကြောင့် နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်နဲ့အတူ တိုက်ပွဲပြင်းထန်လာနိုင်တာကြောင့် ခဲမဖြူ နဲ့ မော်ချီးဒေသကြားက လူထုတွေဟာ တခြား ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
မော်ချီးဒေသဟာ အာဏာသိမ်းပြီးနောက် တိုက်ပွဲဖြစ်ပွားတာ မရှိသေးတဲ့ ဒေသ ဖြစ်ပါတယ်။ ဒါ့ပေမယ့် စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှု မကြာခဏ ပြုလုပ်နေပြီး တောတောင်ထဲ တိမ်းရှောင်နေကြသူတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ယခုနှစ်အတွင်း မော်ချီးဒေသက ခဲလုပ်ကွက်နေရာအနီးအပြင် တခြား နေရာ ၃ ခုကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၁ ဦး သေဆုံးခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုမပြုလုပ်ခင် ကင်းထောက်လေယာဉ်ဝဲတာ ပြုလုပ်လေ့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မော်ချီးမှာက လူစုံတယ်။ နယ်ခံတချို့ကတော့ မော်ချီးနဲ့ နည်းနည်းဝေးတဲ့ နေရာမှာ တဲသွားဆောက်နေကြတယ်။ လေကြောင်းအန္တရာယ်လည်းရှိတော့ သက်ကြီးရွယ်အိုတွေ ၊ ကလေးတွေက ကြောက်လန့်ကြတော့ လုံခြုံမယ်လို့ ယူဆကြတဲ့ ဖက်တွေကို သွားကြတာပေါ့။” လို့ မော်ချီးဒေသခံတဦးက ပြောပါတယ်။
စစ်ကော်မရှင်ရဲ့ နယ်မြေပြန်လည်စိုးမိုးနိုင်ရေး ထိုးစစ်နဲ့အတူ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံရေးသတိရှိကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း တိုက်တွန်းထားပါတယ်။
“မော်ချီးက ပြည်သူလူထုတွေအတွက် အဓိက စီးပွားရေးအတွက် အသက်သွေးကြောဖြစ်တဲ့နေရာလည်းဖြစ်တယ်။ အဲ့တော့ စစ်ကောင်စီကတော့ သူတို့ထိန်းချုပ်မရတဲ့နေရာတွေကို ဗုံးကြဲတိုက်ခိုက်တာ လုပ်လေ့ရှိတယ် လုပ်လည်းလုပ်နေတယ်။ ပြည်သူတွေ လတ်တလောအခြေအနေမှာ လုံခြုံရေးအရ လုံခြုံရေး အသိသတိရှိကြဖို့ တိုက်တွန်းလိုပါတယ်။” လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတဦးက ပြောပါတယ်။
ဒေသတွင်းလုံခြုံရေးကိုတော့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့ကနေ လိုအပ်တဲ့အသိပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ခဲသတ္တု ထွက်ရှိတဲ့ မော်ချီးဒေသမှာ ဒေသခံတွေဟာ ခဲလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေကြပြီး လူထုတွေရဲ့ လူမှုစီးပွားကို ဖျက်ဆီးလိုတဲ့ စစ်ကော်မရှင်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် လုံခြုံရေးသတိရှိကြဖို့ကိုလည်း အသိပေးထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကရင်နီပြည်က ဒီးမော့ဆို ၊ ဖရူဆို ၊ နန်းဖဲ ၊ ဘောလခဲ ၊ ဖားဆောင်းက ပြည်ထောင်စုလမ်းမကြီး နဲ့ ရှမ်း-ကရင်နီအစပ်က မိုးဗြဲမြို့ကို ပြီးခဲ့တဲ့နှစ် ၂၀၂၅ ၊ နှစ်လယ်ပိုင်းကစလို့ စစ်ကော်မရှင်တပ်က တန်ပြန်ထိုးစစ်ဆင်တာဖြစ်ပြီး လက်ရှိမှာတော့ နေရာတချို့ကို ပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။




