ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက ကျေးရွာတရွာကို ယမန်နေ့ မတ်လ ၁၅ ရက်နေ့၊ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ စစ်ကော်မရှင်တပ်က Y-12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်အမျိုးသမီးတဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ဖရူဆိုကနေ အဲ့ဒီကျေးရွာကို စစ်ရှောင်လာနေတဲ့ အမျိုးသမီးတစ်ဦးထိမှန်သွားတယ်၊ Y 12 နဲ့ လာကြဲလို့ ဒဏ်ရာရထားတယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။
ထိမှန်တဲ့အမျိုုးသမီးဟာ အသက် ၄၃နှစ်အရွယ်ရှိပြီး ဝမ်းဗိုက် ၊ ပေါင်နဲ့ ခြေသလုံးမှာ ဒဏ်ရာရရှိခဲ့တာပါ။ ၂၀၂၂ခုနှစ်ကတည်းက ဖရူဆိုမြို့ပေါ်ကနေ မိသားစုဝင် လေးဦးနဲ့အတူ တိမ်းရှောင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားနေထိုင်တဲ့နေရာတွေကို လေယာဉ်နဲ့ ဗုံး ၄လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါ့အပြင် ယခုမတ်လအတွင်း စစ်ကော်မရှင်အခြေစိုက်တပ်တွေကနေ လက်နက်ကြီး မကြာခဏ ပစ်ခတ်နေတာကြောင့်လည်း စိုးရိမ်ထိတ်လန်နေ့ရတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့မှာလည်း ဖရူဆို – ထားလဲ လမ်းမကြီးပေါ်မှာ စစ်ကြောင်းထိုး ရောက်ရှိလာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သား ၃ ဦးသေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် ( KNDF ) က ထုတ်ပြန်ထားပါတယ်။ ဖရူဆိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကော်မရှင်တပ် စစ်ရေးလှုပ်ရှားနေတာကြောင့် လူထုတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေးထားပါတယ်။





