ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကရင်နီပြည် လွိုင်ကော်မြို့မှာ လွိုင်ကော် – ရန်ကုန် အဝေးပြေးယာဉ်လိုင်း ပြေးဆွဲနေတဲ့ ဂိတ်တွေကနေ ကားလက်မှတ်တစောင်ကို ကျပ်နှစ်သောင်းခန့် တိုးမြှင့်ကောက်ခံနေပြီလို့ ဒေသခံတွေက ပြောပါတယ်။
ယခင်က လွိုင်ကော်-ရန်ကုန် ခရီးစဉ်အတွက် ကားခ ၆သောင်းကျပ်သာ ရှိပေမယ့် မတ်လ ၂၂ ရက်နေ့ကစပြီး ၈သောင်းကျပ်ထိ မြင့်တက်လာတယ်လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
“မနေ့ကလောက်မှသိတာ ဈေးတွေ ထပ်တက်သွားပြီဆိုတာ။ ခရီးတစ်ခါထွက်ရင် တသိန်းကျော်လောက် ကုန်မယ်ဆိုတော့ တော်တော်လေး စိုးရိမ်စရာပါပဲ” လို့ ခရီးသွားပြည်သူတဦးက ပြောပါတယ်။
လွိုင်ကော် – ရန်ကုန် ယာဉ်လိုင်းထွက်ချိန်မှာ မနက် ၇ နာရီခွဲ ၊ ရန်ကုန် – လွိုင်ကော် ယာဉ်ထွက်ချိန်မှာတော့ ညနေ ၄ နာရီဖြစ်ပြီး ခရီးသွားလာသူတွေက မှတ်ပုံတင်ရှိမှသာ စီးနှင်းခွင့်ရှိပါတယ်။ ရွှေကိန္ဒရီ ၊ ရွှေကယား၊ သိန်းသန်းကုဋေ စတဲ့ Express ယာဉ်လိုင်းတွေက လွိုင်ကော် – ရန်ကုန်ကို နေ့စဉ်ပြေးဆွဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ လွိုင်ကော်မြို့တွင်းမှာလည်း 92 ဓာတ်ဆီ တစ်လီတာ ၅,၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ပတ်ကထက် ၁၅၀၀ ကျပ်ဝန်းကျင် ဈေးမြှင့်တက်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လောင်စာဆီဈေး မြှင့်တက်လာတာက သယ်ယူပို့ဆောင်ရေးစရိတ်ကို တိုက်ရိုက် ထိခိုက်စေရုံသာမက အခြေခံစားသောက်ကုန်ဈေးနှုန်းအပေါ်လည်း သက်ရောက်လာနိုင်ပြီး အခက်အခဲတွေ ပိုရှိလာမှာကို အခြေခံလူတန်းစားတွေက စိုးရိမ်နေကြပါတယ်။
“ဆီဈေးတက်ရင် ကျန်တာလည်း အကုန်ဈေးလိုက်တက်တော့မှာလေ။ နကိုယ်ကတည်းက အဆင်မပြေတဲ့သူတွေဆိုရင် ပိုဆိုးဖို့ပဲ ရှိတော့မှာပေါ့” လို့ လွိုင်ကော်မြို့ခံတဦးက ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေကြောင့် မြန်မာနိုင်ငံမှာလည်း လောင်စာဆီ ရရှိမှု အခက်အခဲကို ကြုံတွေ့နေရပြီး မြို့နယ်အသီးသီးမှာ လောင်စာဆီ ပြတ်လပ်မှု၊ ဓတ်ဆီဈေးနှုန်း အဆမတန် မြှင့်တက်လာမှုကို ကြုံတွေ့နေရတာဖြစ်ပါတယ်။





