ကန္တာရဝတီတိုင်း (မ်)
စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းမှာ ဖွင့်လှစ်ထားကြတဲ့ KTV (ကာရာအိုကေဆိုင်) ဆိုင်တွေကို မတ်လ ၁၆ ရက်နေ့ကစပြီး အကုန်ပိတ်သိမ်းလိုက်ပြီလို့ ဒီးမော့ဆိုမြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ကန္တာရဝတီတိုင်း ( မ် ) ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က KTV ဆိုင်တစ်ခုမှာ ဝန်ထမ်းအမျိုးသမီးအား အလုအယက်ဖြစ်ပွားရာကနေ ၇၉ သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နယ်မြေတွင်းရှိ တပ်ရင်းတပ်ဖွဲ့တွေ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေစုပေါင်းပြီး အစည်းဝေးဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒီးမော့ဆိုမြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“လွိုင်နန်းဖရယ် ဒီးဘောင်းခူမြို့နယ်ရယ် တပ်ပေါင်းစုရယ် အစည်းဝေးလုပ်ပြီးတော့ အစည်းဝေးဆုံးဖြတ်ချက်အရ အခုပိတ်သိမ်းကြောင်းဆိုတာလည်း ထုတ်ပြန်ပေးတယ်ပေါ့နော။ ထုတ်ပြန်ပြီးတော့ KNDF ကနေ ဦးစီးဦးဆောင် ပြီးတော့ စာထုတ်တယ်ပေါ့။ စာထုတ်ပြီးတော့ အောက်မှာတော့ မြို့နယ်စည်းတွေ၊ တပ်ရင်းတပ်ဖွဲ့ စည်းတွေထုပြီးတော့ ပိတ်ခိုင်းလိုက်တယ်။ သင်္ကြန်မတိုင်ခင် အကုန်လုံးပိတ်သိမ်းတယ်။ ပြန်ဖွင့်ဖို့ဆိုတာကလည်း လောလောဆယ်မဖြစ်နိုင်သေးဘူးထင်တယ်။ ဖွင့်ခိုင်းအုံးမှာ မဟုတ်သေးဘူး” လို့ သူက ပြောပါတယ်။
ဒေသခံလူထုတွေရဲ့ တောင်းဆိုမှုကြောင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့အနေနဲ့လည်း ပိတ်သိမ်းဖို့ စည်းထုခဲ့တာဖြစ်တယ်လို့လည်း သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့မှာ KTV ဆိုင် ပိတ်သိမ်းဖို့စာကို တပ်ရင်းတပ်ဖွဲ့တွေထုတ်ပြန်ပြီးနောက် ဒီးမော့ဆိုမြို့နဲ့ ဒီးမော့ဆို – ဖယ်ခုံမြို့နယ်စပ်မှာရှိတဲ့ KTV ဆိုင် ၁၀ ခုလုံးကို ပိတ်ထားလိုက်တာ ဖြစ်ပါတယ်။
အခုလို KTV ဆိုင် ပိတ်သိမ်းမှုကို ထောက်ခံနေကြတဲ့ ဒေသခံလူထုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် KTV ဆိုင် ဖွင့်လှစ်ထားသူတွေရဲ့ သဘောထားကို သိရှိဖို့အတွက် ကန္တာရဝတီတိုင်း (မ်) က မေးမြန်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့တုန်းက KTV လုပ်ငန်းနဲ့ဆက်စပ်ပြီး တရားမဝင်မူးယစ်ဆေးဝါး၊ လက်နက် မှောင်ခိုမှုတွေကို အရေးယူမယ့် အစီအမံတစ်ခုကို IEC က ရေးဆွဲထုတ်ပြန်ခဲ့ဖူးပြီး KTV လုပ်ငန်းတွေကို ရှောင်တခင်ဝင်ရောက် စစ်ဆေးတာတွေကို လုပ်ဆောင်ခဲ့ဖူးပါတယ်။





