ကန္တာရဝတီတိုင်း(မ်)
လက်ရှိ ကရင်နီပြည်ရဲ့ နေရာဒေသအများစုမှာ ဓါတ်ဆီ၊ ဒီဇယ်ဈေးနှုန်း အဆမတန် စျေးမြင့်တက်လာတဲ့အပေါ် မြေပြင်မှာ စစ်ရှောင်အရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့တချို့ရဲ့ စိန်ခေါ်မှု အခက်ခဲ နဲ့ စကားသံတွေကို မေးမြန်းစုစည်းထားပါတယ်။
ကျေးလက်မြေ တာဝန်ခံတဦး (စစ်ရှောင်အရေး ကူညီဆောင်ရွက်ရေးအဖွဲ့ )
“ကရင်နီပြည်မှာဆိုလို့ရှိရင် ဒီဇယ်၊ဓါတ်ဆီစျေးတွေက မြင့်တက်တာ ဒီနေ့ကျနော်တို့ စစ်ဘေးရှောင်စခန်းဆီ ရေ(၄)နေရာ သွားလှူတာဆိုလို့ရှိရင် ၁ပီပါကို၂၅ သိန်းစျေးလောက်အထိမြင့်တက်သွားပြီ။ အခက်ခဲကတော့ရှိနေပါတယ် ဘာကြောင့်လည်းဆိုတော့ အရင်က ၁၂သိန်းလောက်ဆိုလို့ရှိရင် ဒီဇယ်၊ဓာတ်ဆီ ၁ပီပါကိုရတဲ့အချိန် ကနေပြီးတော့ အခု၂၅သိန်းဆိုတော့ နှစ်ပြန်မကဘူး တက်သွားတဲ့အတွက် ငွေရေးကြေးရေးအပိုင်းတွေမှာလည်း အခက်ခဲတွေတော့ တော်တော်များများ ရိုက်ခတ်ပါတယ် ။ ပရဟိတအဖွဲ့အားလုံး ရိုက်ခတ်လို့ ပြီးရင် လူမှုအသင်းအဖွဲ့တွေလည်း အကုန်လုံးရိုက်ခတ်ပါတယ်။ ကုန်သယ်ပဲဖြစ်ဖြစ် စျေးဝယ်စျေးရောင်းပဲဖြစ်ဖြစ် စစ်ဘေးရှောင်တွေပဲဖြစ်ဖြစ် တစ်နေရာနဲ့တစ်နေရာသွားဖို့ ဆိုလို့ရှိရင် ဆီတစ်လီတာကို တစ်သောင်းကျော် ဖြစ်သွားတဲ့အချိန်မှာ အင်မတန်မှကို ရိုက်ခတ်မှုကိုရှိပါတယ်။ ဘယ်လိုပင်ရိုက်ခတ်မှူတွေရှိနေပါစေ ကျနော်တို့တော့ ဒီစစ်ဘေးရှောင်တွေအတွက်ကို တတ်နိုင်တဲ့ဖက်ကနေပြီးတော့ ကျနော်တို့ ရုန်းကန်လှုပ်ရှားပြီးတော့ ရှေ့ဆက်ပြီးတော့ ကျနော်တို့သွားမယ်လို့ပြောချင်ပါတယ်။
Clean Mountains တာဝန်ခံတဦး (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပို့ချသည့် အဖွဲ့ )
“ကရင်နီမှာ ဆီစျေးနှုန်းမြှင့်တာနဲ့ ရှားပါးတာနဲ့ပတ်သက်ပြီး အမတို့အဖွဲ့ လှုပ်ရှားမှုအပိုင်းမှာဆိုရင်တော့ အရင်ကထက်စာလို့ရှိရင် ပိုက်ဆံပိုကုန်လာတယ်ပေါ့နော။ အရင်တုန်းက လူ့အဖွဲ့အစည်းဒေသခံလူထုတွေကို ပိုပြီးပေးနိုင်ရမယ့် ပမာဏထက်စာလို့ရှိရင် အမတို့ operation cost ပေါ့နော။ အမတို့ field ဆင်းဖို့အတွက် သုံးရမယ့်ကုန်ကျစရိတ်တွေများလာတယ်။ အခက်အခဲဆုံးကတော့ အမတို့ သင်တန်းသားတွေအနေနဲ့ရောက်လာဖို့ ဆိုလို့ရှိရင်တော့ အမတို့ ဒီသင်တန်းလေးမှာတော့ အပြည့်အဝမဟုတ်ရင်တောင်မှာ အမတို့ သင်တန်းသားတစ်ဦးစီတိုင်းကို ဆီဖိုးလေးပြန်ပြီးတော့ ထောက်ပံ့ပေးဖို့တော့ရှိတယ်ပေါ့နော။ အရင်တုန်းက ဆီစျေးမတက်တဲ့အချိန်တုန်းကဆိုရင်တော့ ထားပါတော့ သင်တန်းသားတစ်ယောက်ဆိုရင် ၁သောင်းလောက် သုံးလို့ရတယ်ဆိုရင်တောင်မှ အခုဆိုလို့ရှိရင် ၂သောင်းနဲ့ပဲတွက်မယ်ဆိုရင်တောင် အမတို့ ဒီခရီးသွားလာစရိတ်က အရင်ကထက်စာလို့ရှိရင် ပိုပြီးတော့ကုန်ကျမှုတွေရှိလာတယ်။”
Jobs For Kayah တာဝန်ခံတဦး (စစ်ရှောင်အရေး ကူညီဆောင်ရွက်ရေးအဖွဲ့ )
“ကျနော်တို့အများအားဖြင့် စက်သုံးဆီနဲ့ အလုပ်လုပ်ရတဲ့အရာတွေ များတယ်ပေါ့နော။ ဥပမာ နွေရာသီကာလရောက်ပြီဆိုတော့ စစ်ဘေးရှောင်တွေကို ရေသွားလှူရတယ်ပေါ့နော။ စစ်ဘေးရှောင်တွေ ရေလိုအပ်ချက်အရမ်းများတယ်ပေ့ါ။ ဘာကြောင့်များလဲဆို ရေအရင်းအမြစ်တွေက ဒီဖက်မှာရှားတယ်လေနော။ လူဦးရေနဲ့ ရေရနိုင်တဲ့အရင်းအမြစ်နဲ့ သူတို့ရှောင်နေရတဲ့နေရာနဲ့ ရေမရှိတဲ့နေရာတွေနဲ့ဆိုတော့ ရေလိုအပ်တဲ့နေရာတွေကို ကျနော်တို့ ကူညီရေးအဖွဲ့တွေက ရေလိုက်လှူရတာပေါ့။ ရေလိုက်လှူတဲ့အခါမှာလည်း ရေကားမောင်းရတာပေါ့နော။ ကားအတွက် ဒီဇယ်လိုတယ်ဗျ။ ဒီဇယ်လိုတယ် ရေစုပ်ရေတင်ဖို့အတွက် ဓာတ်ဆီလိုတယ်ပေါ့နော။ အဲ့တော့ ၅ ဂါလံ ကျနော်တို့လိုက်လှူနေတဲ့ပုံစံအရဆိုရင် နှစ်ရက်ကို ၅ဂါလံကုန်တယ်ပေါ့နော။ ရေကား နှစ်ရက်ကို ၅ဂါလံကုန်တယ်။ ဒါ ဒီမော့ဆိုအနောက်ခြမ်းအနီးနား။ အဲ့တော့ ဓါတ်ဆီ၊ ဒီဇယ် တစ်ခုထဲပဲ ကုန်စျေးနှုန်းမြင့်လာတာမဟုတ်ပဲနဲ့ သူ့စျေးနဲ့ ဒီဓါတ်ဆီဒီဇယ်ရဲ့အဆမတန်စျေးကြီးမှုကြောင့် တစ်ခြားကုန်ပစ္စည်းတွေလည်းလိုက်ပြီးတော့ မြင့်တက်ကုန်တာပေါ့။ ဥပမာ ကျနော်တို့က ဆန်အရင်တုန်းက ၈ သောင်းခွဲ ၉သောင်းကို ဝိတ်ပြည့်ဝယ်နေရတဲ့အနေထားမှာ အခုဆိုရင် ၁သိန်းခွဲဆိုရင် ဝိတ်ပြည့် ဝိတ်မပြည့်တာမျိုးဆိုရင် ၁သိန်း၂သောင်း အဲ့လိုမျိုးထိ ကျနော်တို့ဝယ်နေရတဲ့အနေထားမျိုးဖြစ်သွားတာပေ့ါ။ သိန်း၂၀ ရှိရင် ဘယ်နှစ်အိမ်၊ စုစာဝယ်လို့ရလည်း လုံလောက်တယ်ဆိုပေမဲ့ အခုဆိုရင်အများကြီး စဥ်းစားရတာပေါ့နော။”
Unit-K တာဝန်ခံတဦး ( စစ်ရှောင်လူထုတွေကို ကျန်းမာရေးဝန်ဆောင်မှု ပေးသည့်အဖွဲ့ )
“ ကျနော်တို့ အရေးပေါ်ကားတွေဆိုရင်လဲ ဆီပြတ်လပ်မှုနဲ့ ကြုံနေရလို့ လမ်းကြောင်းတွေသိပ်မထွက်နိုင်ဘူးဖြစ်နေပါတယ်။ အဓိက စစ်ရှောင်စခန်းတွေ ကို ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့ လမ်းကြောင်းတွေမှာ ဆေးဖိုးရှိရင်တောင် ဆီဖိုးမရှိတာနဲ့၊ ဆီဖိုးရှိနေရင်လဲ ဝယ်ယူဖို့ ဆိုင်တွေက ဆီပြတ်နေတော့ လမ်းကြောင်းတစ်ကြောင်းထွက်ဖို့ကို အရမ်းအခက်ကြုံနေရပါတယ်။ တစ်လီတာ ၁၂၀၀၀ ဖြစ်နေပြီဆိုတော့ လမ်းကြောင်းတစ်ခုကို အနည်းဆုံး ဆီဖိုးတင် ၂ သိန်း ကနေ ၃ သိန်း အထိ ကုန်ကျနေလို့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူးဗျ။”





