(ဤအတွေးအမြင်ဆောင်ပါးသည် သက်ဆိုင်ရာစာမူရှင်၏ အာဘော်သာဖြစ်သည်)
မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဒေသများရှိ ပညာရေးကဏ္ဍသည် အလွန်အမင်း ထိခိုက်၊ပျက်စီးနေပါသည်။ အထူးသဖြင့် ကရင်နီပြည် စစ်ဘေးရှောင်များ၏ မြေပြင်အစီရင်ခံစာများနှင့် လူမှုကွန်ယက်များတွင် ထွက်ပေါ်နေသော သတင်းအချက်အလက်များအရ ကျောင်းဆရာ၊ ဆရာမများသည် စားဝတ်နေရေးကျပ်တည်းမှုနှင့် လုံခြုံရေးအန္တရာယ်များကို တပြိုင်နက်တည်း ရင်ဆိုင်နေရပြီး ကလေးငယ်များ၏ ပညာရေးအနာဂတ်သည်လည်း အလွန်စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိနေသည်။
စားဝတ်နေရေးကျပ်တည်းမှုနှင့် ဆရာ၊ ဆရာမများ၏ဘဝ
မြေပြင်မှရရှိသော သတင်းအချက်အလက်များအရ စစ်ဘေးရှောင်ဒေသများရှိ ဆရာ၊ ဆရာမများသည် အစပိုင်းတွင် နှစ်နှစ်မှ သုံးနှစ်ခန့်အထိ လစာပင် မယူဘဲ စေတနာဖြင့် သင်ကြားပေးခဲ့ကြသည်။ သို့သော် ကုန်ဈေးနှုန်းမြင့်တက်လာမှုနှင့် စားဝတ်နေရေးအခက်အခဲများကြောင့် နောက်ပိုင်းတွင် ကျောင်းသားမိဘများထံမှ အနည်းငယ်သော ထောက်ပံ့ငွေများကိုသာ ကောက်ခံနိုင်ခဲ့ကြသည်။
သို့ရာတွင် ထိုငွေပမာဏများမှာ အခြေခံစားဝတ်နေရေးအတွက် မလုံလောက်သေးပါ။ အချို့ဒေသများတွင် ဆရာ၊ ဆရာမတဦး၏ လစာသည် တလလျှင် ကျပ် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်းသာရှိပြီး ယင်းပမာဏသည် လက်ရှိကုန်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် မိသားစုတစု၏ တရက်စာကုန်ကျစရိတ်ပင် မလုံလောက်နိုင်ပါ။
ထို့အပြင် ကျောင်းသားမိဘများသည်လည်း စစ်ဘေးရှောင်ဘဝကို နှစ်ပေါင်းများစွာ ရင်ဆိုင်နေရသောကြောင့် ထောက်ပံ့နိုင်စွမ်း နည်းပါးနေပြီး ဒေသခံအဖွဲ့အစည်းများ၏ အကူအညီများမှာလည်း မတည်ငြိမ်ဘဲ အချိန်အခါအလိုက်သာ ရရှိနေပါသည်။ ထိုကြောင့် ဆရာ၊ ဆရာမများ၏ လူမှုဘဝမှာ မရေရာမှုနှင့် အနာဂတ်မသေချာမှုများဖြင့် ပြည့်နှက်နေပါသည်။

လူသားအရင်းအမြစ် ပြတ်လပ်မှုနှင့် သင်ကြားရေးစိန်ခေါ်မှုများ
စားဝတ်နေရေးအခက်အခဲများနှင့်အတူ လူသားအရင်းအမြစ် ပြတ်လပ်မှုသည်လည်း အဓိက စိန်ခေါ်မှုတခုဖြစ်လာပါသည်။ လူငယ်များနှင့် အလုပ်လုပ်နိုင်သော လူလတ်ပိုင်းများသည် တော်လှန်ရေးတွင် ပါဝင်သွားခြင်း သို့မဟုတ် ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ထွက်ခွာသွားခြင်းတို့ကြောင့် ကျေးရွာများတွင် ကလေးငယ်များနှင့် အသက်ကြီးသူများသာ ကျန်ရှိနေကြပါသည်။ ထို့ကြောင့် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများလည်း လျော့နည်းလာပြီး သင်ကြားရေးအရည်အသွေးလည်း ထိခိုက်လာပါသည်။ အဆိုပါ လိုအပ်ချက်များကို ဖြည့်ဆည်းရန် လူငယ်များကို စုဆောင်းကာ အခြေခံ ဆရာဖြစ်သင်တန်းများ ပေးပြီး သင်ကြားရေးတွင် ပါဝင်စေခဲ့ကြသော်လည်း ထိုလူငယ်များသည် မိမိတို့၏ အနာဂတ်အတွက်၊ မိမိတို့၏ မိသားစုများအတွက် အခြားဒေသများသို့ ထွက်ခွာသွားခြင်းများကြောင့် ဆရာ၊ဆရာမအင်အား မတည်ငြိမ်သော ပြဿနာကို လည်း ဆက်လက် ရင်ဆိုင်နေရသည်။
အနာဂတ်အတွက် စိုးရိမ်မှုများ
လက်ရှိအခြေအနေတွင် စစ်ဘေးရှောင်ဒေသများရှိ ပညာရေးကဏ္ဍသည် ငွေကြေးအကျပ်အတည်း + လူသားအရင်းအမြစ် ပြတ်လပ်မှု ဆိုသော ပြဿနာနှစ်ခုကြားတွင် တပြိုင်နက်တည်း ဖိအားပေးခံနေရသည်။ ထို့အပြင်
- သင်ကြားရေးပစ္စည်းများ ပြတ်လပ်ခြင်း (မလုံလောက်ခြင်း)
- လုံခြုံရေးအန္တရာယ်များ နှင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလာခြင်း
- လေကြောင်းတိုက်ခိုက်မှုများ
တို့သည် ဒေသတွင်း ပညာရေးဆိုင်ရာ လုပ်ငန်းများကို ဆက်လက်ထိခိုက်စေပြီး ကလေးငယ်များ၏ ပညာသင်ယူခွင့်ကို အန္တရာယ်ဖြစ်စေပါသည်။ အကယ်၍ ဆရာ၊ ဆရာမများ၏ စားဝတ်နေရေးနှင့် အခြေခံလိုအပ်ချက်များကို အမြန်ဆုံး ဖြေရှင်းပေးနိုင်ခြင်း မရှိပါက ပညာရေးယန္တရားသည် ရပ်တန့်သွားနိုင်ပြီး နောင်အနာဂတ်အတွက် ကရင်နီပြည်၏ အရေးပါသော လူသားအရင်းအမြစ်များ ဆုံးရှုံးသွားနိုင်ပါသည်။
ကရင်နီ စစ်ဘေးရှောင် ပညာရေးကို တတ်နိုင်သည့် ဖက်မှ ဝိုင်းဝန်း ပံ့ပိုး ခြင်းဖြင့် လူသားဆန်နိုင်ကြပါစေ။
ထူးချစ်






