ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်က ခူဆွဲ့ စစ်ရှောင်စခန်း နဲ့ ကလောထူလဲ စစ်ရှောင်စခန်း ၂ ခုဟာ ရေအရင်းအမြစ်တွေရှားပါးလာတာကြောင့် အကန့်အသတ်နဲ့ ရေကို ခွဲဝေယူနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
ခူဆွဲ့ စစ်ရှောင်စခန်းမှာတော့ ပေပေါင်း ၃၀၀၀ ကျော်ဝေးတဲ့ ရေအရင်းအမြစ်ကနေ စစ်ရှောင်စခန်းကို ရေသွယ်တန်းထားပေမယ့် အခုချိန်မှာ ရေ မလုံလောက်တော့တာကြောင့် အိမ်ထောင်စုတစ်ခုကို ရေ ၅ ဂါလံပုံး ၂ ပုံးသာ ခပ်ယူကြဖို့ ကန့်သတ်ထားပါတယ်။
“အခြေအနေကတော့ တော်တော် ဆိုးနေပြီ။ အခုကတော့ ရေကို ၁ အိမ်ကို ၂ ပုံး နှုန်းနဲ့ ပဲ အကန့်အသတ် နဲ့ ခပ်ယူရတော့တယ်”လို့ ခူဆွဲ့ စစ်ရှောင်စခန်း ကော်မတီရဲ့ တာဝန်ရှိသူ အမျိုးသမီး တဦးက ပြောပါတယ်။
အခုလိုရေကို အကန့်အသတ်နဲ့ သုံးစွဲနေတာကြောင့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို လည်း ဒေသခံတွေက စိုးရိမ်နေပါတယ်။ လက်ရှိမှာတော့ စစ်ရှောင်စခန်းထဲက တချို့သူတွေဟာ တကိုယ်ရေသန့်ရှင်းမှုအားနည်းတာကြောင့် ဖြစ်တဲ့ အရေပြား ယားနာတာတွေ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။
“ရေက မလောက်လို့ တကိုယ်ရေ သန့်ရှင်းရေးက နည်းသွားတဲ့ အတွက် မို့လို့ ယားနာတာတွေ ဖြစ်ပွားမှာကိုလည်း စိုးရိမ်တယ်”လို့ ခူဆွဲ့ စစ်ရှောင်စခန်း ကော်မတီရဲ့ တာဝန်ရှိသူ အမျိုးသမီး တဦးက ပြောပါတယ်။
နောက်ထပ် စစ်ရှောင် စခန်း တခုဖြစ်တဲ့ ကလော်ထူလဲ စခန်းမှာလည်း ခူဆွဲ့ စစ်ရှောင်စခန်းလိုပဲ ရေကို တောင်ခြေရေထွက်ပေါက် တနေရာကနေ ရယူနေတာပါ။ အဲဒီ ရေထွက်ပေါက်ကရေဟာ ခမ်းခြောက် လာပြီ ဖြစ်လို့ ရှိနေတဲ့ ရေအရင်းအမြစ်ကိုကို သောက်သုံးရေ အတွက်ပဲ အသုံးပြုနေကြရပါတယ်။
အဆိုပါ တောင်ခြေက ရေ ထွက်ပေါက်ဟာ ကလော်ထူလဲ စစ်ရှောင်စခန်းနဲ့ ၁ မိုင် ခန့် အကွာအဝေးမှာ တည်ရှိနေတာ ဖြစ်ပါတယ်။
ရေကို သောက်သုံးရေ အဖြစ်သာ ချွေတာ သုံးစွဲနေရတဲ့ အချိန်မှာတော့ တကိုယ်ရေ သန့်ရှင်းရေး အတွက် ထီးဖိုးကလိုး ကျေးရွာအုပ်စုက ရေကန်တွေ ရှိရာကို သွားရောက်ကြရတာ ဖြစ်ပါတယ်။
“တခါတလေကျရင် ဆိုင်ကယ်တွေ မရှိဘူး ၊ ကားတွေ မရှိဘူး။ လမ်းလျှေက်သွားရမယ်ဆိုရင် လည်း အဆင်မပြေဘူးပေါ့နော်။ လမ်းသိပ်မလျှောက်နိုင်တော့တဲ့ သက်ကြီး ရွယ်အိုတွေကလည်း ရှိနေတော့လေ ။”လို့ စစ်ရှောင် ကော်မတီ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။
အဆိုပါ စစ်ရှောင်စခန်း ၂ ခုက စစ်ရှောင်တွေဟာ လွိုင်ကော်မြို့နယ် နဲ့ ရှမ်း – ကရင်နီနယ်စပ် ဖယ်ခုံ မြို့နယ်ကနေ လာရောက် စစ်ရှောင်နေကြတာ ဖြစ်ပြီး စစ်ရှောင်စခန်း ၂ ခုပေါင်းမှာ အိမ်ခြေ ၁၆၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။




