spot_img
Homeသတင်းဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှု ရှိနေ

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှု ရှိနေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာ လစဉ် ပုံမှန်ထိုးနှံ ပေးနေတဲ့ ကလေးငယ် ကာကွယ်ဆေးတွေ ပြတ်လပ်မှုရှိနေတယ်လို့ သိရပါတယ်။

ကာကွယ်ဆေးတွေ ပြတ်လပ်နေတာ ၅ လ ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ ကလေးငယ်တွေ ကာကွယ်ဆေး ပုံမှန်ပြန်လည် ထိုးနှံနိုင်ဖို့အတွက် တာဝန်ရှိသူတွေ ကြိုးစားဆောင်ရွက်နေတယ်လို့ မြေပြင် ကျန်းမာရေး ဆရာမတဦးက အခုလို ပြောပါတယ်။

“ကလေးလစဉ် ကာကွယ်ဆေး မထိုးနိုင်တာ ၄ လ ၅လ ဝန်းကျင်လောက်ကို ရှိသွားပြီ။တကယ်လို့ လစဉ် ထိုးနှံနေတဲ့ ကာကွယ်ဆေးတွေက သူ့အမျိုးအစားနဲ့သူ ရှိတယ်။ အဲ့ဒါ ကလေးတွေ အဲ့ဒီဆေးတလုံး လွတ်သွားတယ်။ မထိုးလိုက်နိုင်ဘူးဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဆိုးကျိုးတွေ ရှိလာနိုင်တယ်။ ဉပမာ ပိုလီရို ကာကွယ်ဆေးတို့ ဦးနှောက် အမြှေးပါး ယောင်တာတို့ နောက်ဆက်တွဲတွေကတော့ ရှိတယ်ပေါ့နော်။ တကယ်လို့ အဲ့ဒါတွေ မထိုးလိုက်နိုင်ရင်ပေါ့။ ဒါပေမယ့် အခု တာဝန်ရှိ ကျန်းမာရေး ဆရာမတွေက ဒီအရှေ့ခြမ်း လစဉ် ပုံမှန် ကာကွယ်ဆေး ပြန်လည် ထိုးနှံနိုင်ဖို့တော့ သူတို့ ကြိုးပမ်းနေတယ်။ ဒါပေမယ့် အဓိကတော့ ဆေးသယ်ယူဖို့ အရမ်းကို ခက်ခဲနေတာ တခုပဲ ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာ ကလေး ကာကွယ်ဆေးတွေ မလုံလောက်တာ၊ ပြတ်လပ်တာတွေ ရှိနေတာကြောင့် တခြားနေရာတွေမှာ သွားရောက် ထိုးနှံနေရကြောင်းကို ကလေးငယ် ဖခင် ဖြစ်သူတဦးက အခုလိုပဲ ပြောပါတယ်။

“ပြီးခဲ့တဲ့ အခေါက်တုန်းက ဒီမှာပဲ သွားထိုးတာ ဆေးက မရှိဘူး။ မစုံဘူး ဖြစ်နေတယ်။ အဲ့ဒါနဲ့ ကျနော် ကလေးကို ခေါ်ပြီး လောပိတ ဘက်ထိ သွားထိုးရတယ်။ တချို့သော ကျနော့် ကလေးတွေဆို လုံးဝ မထိုးရသေးတာတွေ ရှိနေတာကြောင့် လွိုင်ကော် အထိ သွားထိုး နေရတာတွေလည်း ရှိတယ်” လို့ ကလေးငယ်ဖခင် တဦးက ပြောပါတယ်။

အခုလို ကာကွယ်ဆေးတွေ ပြတ်လပ်မှု ရှိနေပြီး တခြားသောနေရာတွေမှာ သွားရောက် ထိုးနှံကြရတဲ့ အခါ ကလေးငယ်တွေနဲ့ သွားလာရ ခက်ခဲတဲ့အပြင် လမ်းခရီး နဲ့ လုံခြုံရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်နေကြရတာပါ။

မိခင်တွေလည်း ကလေးငယ်တွေ ကာကွယ်ဆေးပုံမှန် ပြန်လည် ထိုးနှံနိုင်ဖို့ကို မျှော်လင့်နေကြပြီး ပုံမှန် မထိုးနှံနိုင်မှာကိုလည်း စိုးရိမ်ပူမှန်မှုတွေ ရှိနေကြပါတယ်။

မွေးခင်းစ ကလေးငယ်တွေဟာ ၂ လကနေ ၂ နှစ်အောက်အတွင်း ပြင်းထန် အဆုပ်ရောင် (ပီစီဗီ)၊ ဘီစီဂျီ ၊ ( ဆုံဆို့ ၊ကြက်ညှာ၊ မေးခိုင် ၊ အသဲယောင်အသားဝါ(ဘီ)၊ ဦးနှောက် အမှေးယောင် ) ငါးမျိုးစပ် ကာကွယ်ဆေး၊ ပိုလီယို အစက်ချဆေး ၊ ပိုလီယို ထိုးဆေး ၊ ဝက်သက် ၊ ဂျိုက်သိုး စတဲ့ ကာကွယ်ဆေးကို ထိုးနှံပေးရတာ ဖြစ်ပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ