ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည် ဖရူဆို မြို့နယ် အရှေ့ဘက်ခြမ်းမှာ စစ်ရှောင်စခန်းတစ်ခုမှာနေထိုင်တဲ့ တောင်သူတွေဟာ လက်ရှိစစ်ကော်မရှင် စစ်ကြောင်းတွေကြောင့် လာမယ့် စိုက်ပျိုးရာသီအတွက် စိုးရိမ်နေကြပြီး စိုက်ပျိုးနိုင်တဲ့ ဧရိယာတွေ လျော့ကျသွားနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
လက်ရှိစစ်ကော်မရှင် စစ်ကြောင်းတွေဟာ စစ်ဘေးရှောင်တောင်သူတွေရဲ့ စိုက်ပျိုးမြေအနီးထိ ဝင်ရောက်နေရာယူတာတွေ ရှိနေတယ်လို့ တောင်သူတစ်ဦးကပြောပါတယ်။
“ဒေသခံတွေကိုလည်း အကူအညီတောင်းတယ်။ အကူအညီတောင်းတာက သူတို့ ချန်ထားတဲ့ ခြံတွေကို ပြန်ပြီးတော့မှ လုပ်မယ့် သဘောမျိုး ဖြစ်တယ်။ စပါးလည်း အ့လောက် ထွက်မယ် မထင်ဘူး။ မြေဩ ဇာလည်း ကောင်းကောင်း မဝယ်နိုင်တော့။ ဒီဇယ်တွေ စျေးတက်တော့ စက်ခတွေလည်း နိုင်မှာ မဟုတ်ဘူး။ လူနဲပဲ လုပ်မှာဆိုတော့ ခါတိုင်းနှစ်လောက် အဆင်မပြေတော့ဘူး။” လို့ တောင်သူတစ်ဦးကပြောပါတယ်။
စစ်ကော်မရှင်တပ်တွေဟာ အရပ်သားတွေ၊ သီးနှံလုပ်ငန်းလုပ်ကိုင်နေသူတွေကို ပစ်မှတ်ထားပြီး ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်လာတာကြောင့် ဒေသခံတွေ၊ တောင်သူတွေက စိုးရိမ်နေတာပါ။
ကန္တာရဝတီတိုင်း(မ်) က လက်လှမ်းမီ ပြုစုထားတဲ့ စာရင်းတွေအရ ပြီးခဲ့တဲ့ မတ်လအတွင်းမှာ ဖရူဆိုမြို့နယ်ထဲက အရပ်သားတွေကို ဒရုန်းတိုက်ခိုက်မှု ၃ ကြိမ်ပြုလုပ်ထားပြီး ၁ဦးသေဆုံးကာ ၁ဦးထိခိုက်ထားပါတယ်။
အဆိုပါ စစ်ရှောင်စခန်းက တောင်သူ အများစုက တောင်ယာစပါးအဓိကထား စိုက်ပျိုးကြပြီး မြေပဲ ၊ ပြောင်းကောက်တို့ လည်းအနည်းငယ် စိုက်ပျိုးကြပါတယ်။ အများစု စိုက်ပျိုးကြတဲ့ တောင်ယာ စပါးကတော့ တနှစ်ကို စပါး အိတ်ရေ ၃၀ လောက်သာ အများဆုံး ရရှိလာနိုင်တာပါ။
ပြီးခဲ့တဲ့ နှစ်တွေမှာတော့ အိမ်ခြေ ၅၀ ကျော် ရှိသည့် အနက် အိမ်တိုင်း နီးပါး စိုက်ပျိုးရေးကို ပြုလုပ်နိုင်ကြပြီး ဒီကနှစ်မှာတော့ တောင်သူတစ်ဝက်လောက် စိုက်ပျိုးမှုတွေကို လက်လျော့ကြရမယ့် အခြေအနေကိုရောက်နေတယ်လို့ စစ်ရှောင်တွေကပြောပါတယ်။






