ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေဘက်ခြမ်း စစ်ရှောင်စခန်း တနေရာမှာ ယမန်နေ့ ဧပြီလ ၂၁ ရက်နေ့၊ နေ့ခင်းပိိုင်း ၂ နာရီဝန်းကျင်မှာ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအိမ် ၃၅ လုံးဝန်းကျင် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြင်းထန်တဲ့ လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တဲအိမ်တွေရဲ့ ခေါင်မိုး လွှင့်စင်တာ ၊ ပြိုကျတာ ဖြစ်ပွားခဲ့တယ်လို့ စစ်ရှောင်အမျိုးသားတဦးက အခုလိုပြောပါတယ်။
“လေတိုက်တာ၂ ခါလာတယ်။ တခါလာရင် ၄ မိနစ် ၊ ၅မိနစ်လောက် ရှိမယ်ထင်တယ်။ လေက တော်တော် ပြင်းတော့ စစ်ရှောင်တဲတွေ တော်တော်များများက ပါသွားတယ်” လို့ စစ်ရှောင်အမျိုးသားတဦးက ပြောပါတယ်။
စစ်ရှောင်တဲအိမ် (၃၅) လုံးအပြင် စာသင်ကျောင်းဆောင် ၃ ဆောင် ၊ ခန်းမဆောင် ဂိုဒေါင် ၊ စစ်ရှောင်ဆေးပေးခန်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ တဲအိမ်ပျက်စီးသွားတဲ့ စစ်ရှောင်တွေအတွက် အရေးပေါ် အမိုးအကာ လိုအပ်နေပါတယ်။
အလားတူ ဖရူဆိုမြို့နယ်အတွင်းမှာလည်း ယမန်နေ့က လေပြင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင်တွေခိုလှုံနေထိုင်တဲ့ ကျေးရွာတရွာမှာ နေအိမ် ၁၃ လုံးထက်မနည်း ပျက်စီးခဲ့ပါသေးတယ်။
ယခုရက်ပိုင်းအတွင်း ကရင်နီပြည်က နေရာတချို့မှာ နေရာကွက်ကျား မိုးရွာတာ ၊ လေပြင်းတိုက်ခိုက်မှုတွေကြောင့် နေအိမ်ပျက်စီးမှုတွေ များပြားနေပြီး အကူအညီတွေ လိုအပ်နေကြပါတယ်။






