ကန္တာရဝတီတိုင်း(မ်)
ယမန်နေ့ (မေလ၃ရက်နေ့) မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်အချိန်၊ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ စစ်ရှောင်နေအိမ် တလုံး မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
မီးဖိုချောင်ကနေ စတင်လောင်ကျွမ်းတာ ဖြစ်ပြီး မီးအတော်ကြာ လောင်ပြီးတဲ့အချိန်မှ တွေ့ရှိခဲ့တာကြောင့် မီးငြိမ်းသတ်တာ နောက်ကျသွားတယ်လို့ မျက်မြင်တွေ့ရှိသူတဦးက အခုလို ပြောပါတယ်။
“မီးဖိုချောင်ထဲကနေ စလောင်တာ။ အိမ်ရှင်က မရှိဘူး။ ဘုရားကျောင်းသွားတက်တယ်။ မီးဖိုနဲ့ အိမ်အကာက နီးတော့လေ အဲ့ဒီကနေ တဆင့် လောင်ပြီး အမိုးကလည်း သက်ကယ်နဲ့ ဆိုတော့ လောင်စာတွေပဲကော။ မီးတောက်တဲ့ အချိန်မှ တွေ့တော့ သတ်လို့ မနိုင်တော့ဘူးလေ ။ အိမ်တိုင် တွေပဲ ကျန်တယ်” လို့ သူက ပြောပါတယ်။
အဆိုပါ မီးလောင်ပြာကျသွားတဲ့ စစ်ရှောင်နေအိမ်မှာတော့ ၁၀ နှစ်အောက် ကလေးငယ် နှစ်ဦးနဲ့အတူ မိသားစု ၄ ဦး နေထိုင်ကြတာပါ။ အခုလို မီးလောင်ပြာကျ သွားခဲ့တာကြောင့် နေအိမ်အတွင်း ပစ္စည်းတွေလည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။
အဆိုပါ မိသားစုက ဒီးမော့ဆို အနောက်ဘက်ခြမ်း၊ ဒေါရောက်ခူကျေးရွာ ကနေ လာရောက်တိမ်းရှောင်နေတာဖြစ်ပြီး နေအိမ်ဆောက်ထားတာ ၁ နှစ်ဝန်းကျင်သာ ရှိသေးတယ်လို့ သိရပါတယ်။
အိမ်နီးနားချင်း ပတ်ဝန်းကျင်ကိုတော့ မီးလောင်ကူးစက်မှု မရှိခဲ့ပါဘူး။






