ကန္တာရဝတီတိုင်း (မ်)
ယမန်နေ့ မေလ ၁၀ ရက်နေ့က လွိုင်ကော်မြို့နယ်၊ လောပိတမြို့၊ မထောခူ(အောက်)ကျေးရွာအနီးရှိ သဲချောင်းမှာ ရေဆင်းကစားခဲ့တဲ့ လူငယ်သုံးဦး ရေနစ်သေဆုံးခဲ့တယ်လို့ ဖြစ်စဥ်ကိုသိတဲ့သူတွေက ပြောပါတယ်။
မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ရေဆင်းချိုးရာကနေ ရေနစ်ရင်း အချင်းချင်း ကယ်ဆယ်ရေးလုပ်ကြရာမှ သုံးဦးလုံး သေဆုံးသွားခဲ့တာလို့ အောင်သပြေကျေးရွာခံတစ်ဦးက ပြောပါတယ်။
“သူတို့ မောင်နှမတွေ အဲ့ကန်မှာ သွားလည်ကြရင်း ညီမဖြစ်သူနစ်တော့ သူ့အကိုက သွားကယ်တာ။ သူ့အကိုပါ ထပ်နစ်တော့ နောက်တစ်ယောက်က ထပ်သွားကယ်ရင်း သုံး ယောက်လုံးပျောက်သွားတယ်ပြောတယ်။ စိုးသီဟက နာရီဝက်နေတော့ ပြန်ပေါ်လာပြီး ဆေးရုံပို့တော့လမ်းမှာ ဆုံးတယ်ပြောတယ်။ ကောင်မလေးကလည်း နည်းနည်းကြာတော့ ပြန်ပေါ်လာပြီး အပေါ်ထိ ရေတွေထွက် အသက်ရှူသေးတယ်တဲ့ ပြီးမှ ဆုံးတာ။ နောက်တစ်ယောက်ကတော့ နေ့ခင်း ၁ နာရီလောက်မှ အလောင်းတွေ့တယ်ပြောတယ်” လို့ သူက ပြောပါတယ်။
သေဆုံးသူ လူငယ်သုံးဦးက ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အောင်သပြေကျေးရွာ ဇာတိကဖြစ်ပြီး ဝမ်းကွဲ မောင်နှမတွေဖြစ်ကြသလို လွိုင်ကော်မှာ စစ်ဘေးရှောင်နေတာလို့ ဆိုပါတယ်။ သေဆုံးသူတွေက အသက် (၁၉)နှစ်အရွယ် အမျိုးသားတစ်ဦး၊ အသက်(၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ အသက်(၁၈)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့ကလည်း လွိုင်ကော်မြို့လည်က ဘီလူးချောင်းမှာ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ပါတယ်။






