spot_img
Homeအင်တာဗျူးသင်ကြားရေး ဆရာ/မ မလုံလောက်မှုအပေါ် ကျောင်းသူ/သား မိဘတွေရဲ့ စိုးရိမ်ပူပန်မှု စကားသံများ

သင်ကြားရေး ဆရာ/မ မလုံလောက်မှုအပေါ် ကျောင်းသူ/သား မိဘတွေရဲ့ စိုးရိမ်ပူပန်မှု စကားသံများ

-

ကန္တာဝတီတိုင်း(မ်)

ကရင်နီပြည် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတွေမှာ လာမယ့် ကျောင်းဖွင့်ရာသီအတွက် ကျောင်းဆရာ/မ မလုံလောက်မှုနဲ့ ရင်ဆိုင်နေကြရပါတယ်။

တော်လှန်ရေးကာလ အချိန်ကြာလာတာနဲ့အမျှ စေတနာ့ဝန်ထမ်း ကျောင်းဆရာ/မ တွေဟာ သူတို့ ရဲ့ ဝမ်းရေးကို ဖြေရှင်းနိုင်ဖို့ အလုပ်အကိုင်တွေပြောင်းလဲလာကြတာကြောင့် သင်ကြားရေးပိုင်းမှာ လူ့အရင်းအမြစ်တွေပိုမိုလိုအပ်လာနေပါတယ်။

သင်ကြားရေးကနေ အနားယူသွားတဲ့ ဆရာ/မ တွေ ရှိနေသလို၊ လိုအပ်ချက်အရ တချို့ အတန်းတွေကို တိုးချဲ့ ဖွင့်လှစ်နေရလို့ ဆရာ/မ တွေ ထပ်မံ လိုအပ်နေတာပါ။

ဆရာ/မ တွေ မလုံလောက်မှု အပေါ် ကျောင်းသားမိဘတွေရဲ့ စိုးရိမ်မှုစကားသံတွေကို ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

ကူးရယ် (ကျောင်းသားမိဘ)

“ဆရာ ဆရာမတွေ မရှိဘူး၊ စာသင်ကျောင်းတွေ မရှိဘူးဆိုရင် ကျနော်တို့ ကလေးတွေ ပညာရေး တဝက်တပျက်နဲ့ဖြစ်ကုန်မလား။ KG ကနေ Grade-10 လောက်ထိ အိမ်အလုပ်တွေ ဆို သူမကူနိုင်တော့ဘူး။ သူ့ကျောင်းကိုပဲ ဦးစားပေးရမယ်။ အခုက ဆရာ ဆရာမတွေ ဆင်မပြေတော့ ဘယ်လို လုပ်မလည်း မသိသေးဘူး။ ကလေးက ဆယ်ကျော်သက် ၁၈ ၁၉ အရွယ် ၊ စူးစမ်းလိုတဲ့ အရွယ်တွေလေ ခဏနေ ဆေးသုံးနဲ့ သူတွေ သွားပေါင်းမိမလား အမျိုးမျိုးပဲ စဉ်းစားရတယ်။ နင့်ကလေးအကြောင်းတို နင်သိတယ်။ ကျနော့်ကလေးအကြောင်းဆို ကျနော် သိတယ်။ အကုန်လုံးတော့ မပြောပြတတ်ဘူး။ ”

အမည်မဖော်လိုသူ ကျောင်းသားမိဘတစ်ဦး

“စိုးရိမ်တာ ကတော့ စိုးရိမ်တာ ပေါ့။ ကျောင်းမတက်ရရင်လည်း ရွာပြန်လို့လည်း မရသေးဘူး။ ပညာရေးကိုပဲ ဦးစားပေးရမယ်။ အခုက ကျောင်းတော့ အပ်ပြီးပြီ။ အကြီးဆုံး တယောက်က ၅ တန်း၊ အလယ် တယောက်က ၂ တန်း၊ အငယ်ဆုံးတယောက်ကတော့ ဘာမှ မတက်သေးဘူး။ စိုးရိမ်တာပေါ့။ ကလေးတွေကို ပညာရေး အမွေက လွဲလို့ ဘာမှ မပေးနိုင်ဘူး။ ရွာပြန်လို့ကလည်း မရသေးဘူးဆိုတော့ ဘယ်ရောက်ရောက် ကျောင်းကတက်ရမှာပေါ့။ တောတောင်ထဲ ရောက်နေလည်း တက်ရမှာပဲ”

ဒေါ်သန်းသန်း (ကျောင်းသားမိဘ)

“စိုးရိမ်ပူပန်မှုတွေ ကတော့ အများကြီးပဲ။ ဘာဖြစ်လို့ဆိုရင် ကလေးကျောင်းက ဆရာမတွေ မလုံလောက်ရင်လည်း ထပ်ခေါ်ခိုင်းစေချင်တယ်။ ကလေးရဲ့ ပညာရေးကို ဒီထက်မက တိုးတက်ခိုင်းချင်တယ်။ အခုအချိန်ဆို ကျမ တို့က စစ်ဘေးရှောင်နေတဲ့ အချိန်ဖြစ်တော့စပါးလည်း မရိတ်သိမ်းရ။ ပြီးတော့ ကလေးကျောင်းတဖက်နဲ့ဆို အဆင်မပြေဘူး။ ကလေးကို ကျောင်းထား စေချင်တယ်။ ကလေးတွေကို မိဘတွေလိုမျိုး စာမတတ်တာမျိုး မဖြစ်စေချင်ဘူး။ သူတို့တွေကို မိဘထက် ပိုတတ်ခိုင်းချင်တယ်။ မရှိမဲ့ ရှိမဲ့နဲ့ ရှာပြီးတော့ ကလေးကို ကျောင်းထားမယ်”

ကျောင်းကော်မတီ တဦး

“တော်တော်လေးကို စိုးရိမ်ပူပန်မှုတွေ ရှိတယ်။ ကျနော်တို့ ကလေးတွေ ပညာရေးပိုင်းမှာ မသင်ကြားပေးနိုင်ခဲ့ဘူးဆိုရင် တော်တော်လေးကို ခက်ခဲမယ်။ ဘာဖြစ်လို့လည်း ဆိုရင်ဆရာ ဆရာမ မလုံလောက်မှုတွေ၊ ထွက်သွားတဲ့ သူတွေလည်း ရှိနေတယ်။ ပြီးကျမှ ကျနော်တို့က ပြန်အစားထိုးခေါ်လိုက် ဒီလိုမျိုး တော်တော်ကြာ စိန်ခေါ်မှု တွေနဲ့ ဆက်သွားရင်တော့ စိုးရိမ်ရတယ်။ ရှေ့ဆက်လာမယ့် ကျနော်တို့ ကလေးတွေ အတွက်ပေါ့။”

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ