ကန္တာရဝတီတိုင်း(မ်)
ထိုင်းအစိုးရအစီအစဉ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အတွင်းက ဆောက်လုပ်ရေးနဲ့ စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ အများဆုံး ဝင်ရောက်လုပ်ကိုင်နေကြတဲ့ ကရင်နီဒုက္ခသည်စခန်းအမှတ် (၁) က လူငယ်တွေရဲ့လုပ်ငန်းခွင်အခြေအနေ၊ အခက်ခဲ စိန်ခေါ်မှု ဘယ်လိုရှိနေပါသလဲ။ ထပ်မံ ရောက်ရှိလာမယ့် သူတွေအတွက် ကြိုတင်ပြင်ဆင်မှု ကန္တာရဝတီတိုင်း ( မ် ) က ဆက်သွယ်မေးမြန်းထားပါတယ်။
Seh Ngo Pay ( အသက် ၂၅နှစ်၊ ဆောက်လုပ်ရေးလုပ်ငန်း)
“စစရောက်လာတဲ့အချိန်မှာဆိုရင် ဟင်းတွေ အစားအစာတွေ သွားဝယ်တဲ့အခါမှာ ဈေးတွေအရမ်းကြီးနေတယ်။ ပြီးတော ငွေ ၃ထောင်လည်းမလောက်ဘူး။ ဘာလို့လည်းဆိုရင် အလုပ်လည်း ပေးမလုပ်သေးဘူး တပတ်အတောအတွင်းမှာ အနားပေးသေးတယ်ပေါ့ အလုပ်မခိုင်းသေးဘူး ပိုက်ဆံလည်း မပေးသေးဘူး။ ပြီးတော့ အလုပ်စလုပ်ပြီး လစာထွက်တဲ့အထိဆိုလည်း အရမ်းကြာသေးတယ်ပေါ့ ။ ယူလာတဲ့ဟာလည်း အကုန်စားကုန်ပြီးသွားပြီ။ ပြီးတော့ ကျနော်ပြောပြချင်တာက ယူသွားလို့ရနိုင်တဲ့ဟင်းမျိုး ဥပမာ ကင်မွန်းချဉ် ရွက်ခြောက် ၊ ချဉ်ပေါင်သီးခြောက် ၊ချဉ်ပေါင်ရွက်ခြောက် တို့ ကြာရှည်ခံနိုင်တဲ့ဟင်းတွေ မပျက်စီးတက်တဲ့ ဟင်းတွေ ယူသွားရင် မမှားဘူး။ အရှေ့မှာ ပိုက်ဆံသွားကုန်ရင် စားစရာမရှိတော့ဘူးဆိုရင် အဲ့ဟာတွေ စားရသေးရင်အများကြီး ခံသာတယ်။ ပြီးတော့ သူဌေးဆီမှာလည်း ချေးစားလို့ရတယ်လို့ သူတို့ပြောပါတယ် ချေးမယ်ဆိုရင်လည်း ပိုက်ဆံ နှမြောတယ်လေ(ပြန်ပေးရမှာပဲဆို)။ ဒါကြောင့် မချေးချင်ဘူး ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ်ပဲ သုံးချင်တယ်။ မရှိရင်လည်း မရှိသလိုပဲနေချင်တယ်။ အလုပ်ဖက်ကတော့ တိုက်တွေဆို စစထောင်တဲ့ဟာတွေပေါ့နော် အခုမှ အောက်ကနေ စလုပ်တာဆိုတော့ အရမ်းပူတယ်။ ဒီမှာလုပ်တာက ဝန(အလုပ်ခေါင်းဆောင်)တွေဆိုလည်း ငါတို့ကို အလုပ်ကြမ်းနည်းနည်းပိုခိုင်းတာတို့ အပြောအဆိုလည်း ပိုကြမ်းတယ်။ နားချင်လည်း မနားရဲဘူးပေါ့နော်။ ပင်ပန်းလည်း လုပ်ရတာပဲပေါ့နော်။”
Maw Day ( အသက် ၂၀၊ သစ်သီးခူးလုပ်ငန်း)
“ကျမအခုလုပ်နေတဲ့ အလုပ်က သီးသစ်ခူးတာပေါ့နော်။ ဒီကို စရောက်တာ၅ရက်နေ့မှာရောက်တာ အခုဆိုရင်၃ပတ်လောက်ပဲရှိပြီပေါ့နော်။ စိန်ခေါ်မှုက ရှိတယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ကစခန်းအပြင်ကိုတစ်ခါမှမထွက်ဖူးတော့ အလုပ်လုပ်ရတာ နည်းနည်းခက်ခဲရှိတယ်။ ပြီးတော့ ဘာသာစကားကလည်း စိန်ခေါ်မူရှိတယ်။ မပြောတက်တော့ ခက်ခဲရှိတာပေါ့။ ပြီးတော့နေရာကလည်း သိပ်အဆင်မပြေဘူး။ ဒီမှာက ရေကမသန့်ဘူး ကိုယ်သုံးဆောင်တဲ့ပစ္စည်းက ကိုယ်တိုင်ဝယ်ရတယ် အဲ့လိုရှိတယ်။ သီးသစ်ခူးတဲ့အဖွဲ့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ကတော့မတူဘူး ဒီမှာကတော့အဲလိုရှိတယ်ပေါ့နော်။ နောက်ထပ်လာမယ့် အလုပ်သမားအသစ်ကို ပြောချင်တာက အလုပ်မသွားခင် ကြိုတင်ပြင်ဆင်ထားစေချင်တယ် လိုအပ်တဲ့ပစ္စည်းတွေ ပြီးတော့ဘာသာစကားတွေစတဲ့အရာပေါ့နော်။ “
Neh Neh ( အသက် ၂၂ နှစ်၊ သစ်သီးခူးလုပ်ငန်း)
“စိန်ခေါ်မှုအခက်ခဲလို့ ပြောရင် အများကြီးရှိတယ်။ ကိုယ့်ပြည်ကိုယ့်နိုင်ငံလည်းမဟုတ်ဘူးဆိုတော့ ကျမတို့ ဒီကို လာတာ ၄ ရက်နေ့က ၅ ရက်နေ့မှာရောက်တယ်။ တနေရာပြီးတနေရာ ရွှေ့ရတယ်။ နောက်ဆုံး အတည်တကျ နေရာ လက်ရှိနေရာရောက်တော့ ဒီနေရာက အိမ်အဆင်ပြေပြေနဲ့နေရတာတော့မဟုတ်ဘူး။ မိုးကာနဲ့မိုးပြီး အကာလည်း မိုးကာနဲ့ပဲနေရတယ်။ ဒီမှာရောက်တာ အိမ်သာတို့ ရေတို့ သုံးတာလည်း ကျမတို့အတွက်အဆင်မပြေဘူး။ ရေဆို အပေါ်ကနေ ပြန်ဆင်းလာတဲ့ ရေ တဆင့်ခံ သုံးပြီးသားပဲ ပြန်သုံးရတဲ့ ပုံစံမျိုးပဲ မသန့်ရှင်းဘူးပေါ့နော်။ ရေတို့ ကိုယ့်ကိုယ်ဝယ်သုံးရတယ်။ ချက်ပြုတ်ဖို့ အတွက်လည်း ရေဝယ်တယ်ပေ့ါနော်။ အလုပ်လုပ်တဲ့ အခါမှာလည်း စိန်ခေါ်မှုအများကြီးရှိတယ်။ ဘာလို့ဆို သူတို့စကားလည်း နားမလည်ဘူးလေ ဘာသာစကားနားမလည်တော့ ကြောက်တာရှက်တာကော အလုပ်အခုမှ လုပ်ဖူးစဆိုတော့ နှေးတာတွေလည်း ဖြစ်နိုင်တယ်။
နောက်ဆုံးအနေနဲ့ နောက်ထပ် ထပ်လာမယ့် မိတ်ဆွေတွေကို ပြင်ဆင်စေချင်တာကတော့ အကုန်လုံးကိုယ့်ဟာနဲ့ကိုယ် ဝယ်ယူရတယ် သူတို့ဘာမှ မပေးဘူး ။ ဆန် အိုးအကုန် ကိုယ့်ကိုယ်ဝယ်ရတယ်။ ဥပမာ အစလာတုန်းက ပိုက်ဆံ အလုံအလောက် မယူလာဘူးဆိုရင် စားဝတ်နေရေးအတွက်က အကြွေးနဲ့လာယူပြီးအလုပ်လုပ်ပြီး ပြန်ပေးလို့ရတယ်။ သူတို့ဘာမှမပေးဘူး စောင်တွေကအစ ကိုယ့်ကိုယ်အကုန် ဝယ်ယူရတာပေါ့နော်။ အကယ်၍လာဖို့ရှိရင် အကုန် အရင်ပြင်ဆင်ပြီး ကိုယ့်ဘာကိုယ် အကုန်ယူလာဖို့ပေါ့နော်။ “
Beh Du ( အသက်၂၂ နှစ်၊ ဆောက်လုပ်ရေးလုပ်ငန်း )
“ အဓိကကတော့ ထိုင်း ဘာသာစကားနားလည်ဖို့လိုသေးတယ်ပေ့ါနော်။ စားဝတ်နေရေးအတွက်လည်း စီမံခန့်ခွဲတတ်ဖို့လိုတယ် ကိုယ့်ကိုယ်ဝယ်စားသောက်ရတော့။ ကျနော်တို့ အလုပ်လုပ်နေတဲ့အချိန်မှာလည်း အချင်းချင်း အပြန်အလှန် နားလည်ပေးကြဖို့ နားထောင်ပေးကြဖို့လည်းလိုအပ်တယ် အများနဲ့ အလုပ်လုပ်ရတော့။ ကျနော်တို့ ကော်ဆန်းအဖွဲ့ကတော့ အလုပ်လုပ်တဲ့နေရာမှာလည်း အခက်ခဲတွေလည်း ရှိပါတယ်။ အခု အလုပ်လုပ်တာလည်း သိပ်မကြာသေးတော့ အပေါ်က ပြောတဲ့ အခက်ခဲလောက်ပဲ ရှိဦးမယ်။ အလုပ်ကာလ ကြာလာရင်တော့ အခြေအနေအပြောင်းအလဲ ရှိလည်းရှိလာမှာပေါ့နော်။”






